29 October, 2016

ဘဝရဲ့ပေါင်းပင်မြက်ပင်များ

ဘ၀ရဲ့ပေါင်းပင်၊ မြက်ပင်များ

ကျနော်တို့ရဲ့ဥယျဉ်ခြံမြေထဲက ပေါင်းပင်၊ မြက်ပင်တွေဟာ ရေလောင်းပြုစုဖို့မလိုပဲ ကြီးပင်းရှင်သန်လာကြပြီး ကျနော်တို့ကို မလိုလားအပ်တဲ့ အသီးအပွင့်များနဲ့ နှောင့်ယှက်ဒုက္ခပေးနိုင်ကြတာ အံ့သြစရာကောင်တယ်မဟုတ်လား။

ကျနော်ငယ်ငယ်တုန်းက California ပြည်နယ်၊ Santa Cruz မြို့မှာကြီးပင်းခဲ့ပါတယ်။ အဲဒီမှာနေတုန်းက ဘာမူဒါမြက်ပင် လို့ခေါ်တဲ့ တော်တော်လေးကို ဒုက္ခပေးတတ်တဲ့ မြက်ပင်တစ်မျိုးကို အဘိုးကပြပေးဖူးတယ်။ အဲဒီ ဘာမူဒါမြက်ပင်ဟာ အမြစ်ကနေ ဆွဲမနှုတ်ပဲထားမိရင် လျင်လျင်မြန်မြန်ပျံ့နှံ့ပြီး ကြောက်စရာကောင်းတဲ့ မြက်ပင်တစ်မျိုးဖြစ်ပါတယ်။

နှစ်များစွာ ကုန်လွန်လာခဲ့တဲ့ နောက်မှာပေါ့။ လွန်ခဲ့တဲ့ ၈နှစ်မှာ ကျနော် ကိုယ်ပိုင်အိမ်လေးတစ်လုံး စ၀ယ်နိုင်ခဲ့ပြီး ကျနော်တို့ လင်မယား အဲဒီအိမ်မှာ ပြောင်းလာခဲ့ကြတယ်။ အဲဒီမှာ ကျနော်ဘာတစ်ခုနဲ့ ထိပ်တိုက်တွေ့ပြန်ပြီ ထင်သလဲ။ ပေါင်းပင်မြက်ပင်တွေလို့ သင်ခန့်မှန်းခဲ့ရင် အဲဒါအမှန်ပါပဲ။ ကျနော်တို့ရဲ့ အိမ်အသစ်မှာလည်း ဘာမူဒါမြက်ပင်နဲ့ ခပ်ဆင်ဆင် မြက်ပင်တစ်ချို့ ရှိနေခဲ့ပါတယ်။ အတော်လေးကို ရှင်သန်ပျံ့နှံ့လွယ်တဲ့ မြက်ပင်တစ်မျိုးပါပဲ။  

အိမ်အတွင်းပိုင်း ပြင်ဆင်မှု အပြီးမှာတော့ အပြင်ဘက်ကို ကျနော်စတင် ပြင်ဆင်ပါတယ်။ ဂေါ်ပြားငယ်လေး တစ်လက်နဲ့ အဲဒီမြက်ပင်တွေကို အမြစ်ကနေဆွဲနှုတ်ပြီး ကျနော်အလုပ်များနေပါတော့တယ်။ နွေဦးရာသီ တစ်ခေါက်ပြီးတစ်ခေါက် အဲဒီအလုပ်က ကျနော့်လုပ်ရိုးလုပ်စဉ် တစ်ခုတောင်ဖြစ်လာခဲ့တယ်။

ဒီနှစ်နွေဦးရာသီမှာတော့ မြက်ပင်တစ်မျိုးက ပေါက်ရောက်ပျံ့နှံ့ခြင်း မရှိတော့တာကို ကျနော် သတိထားမိလာတယ်။ ဒါပေမယ့် အခြားမြက်ပင်တစ်မျိုးက အစွမ်းကုန် ပေါက်ရောက်ပျံ့နှံ့လာတာကို လည်းတွေ့ရတယ်။ ဒါကြောင့် ကျနော့်ခြံထဲကနေ အပြီးတိုင်ရှင်းလင်းဖို့ အစွမ်းကုန် ကြိုးစားရပြန်ပါတယ်။ အဲဒီအလုပ်ပြီးတဲ့အခါမှာတော့ ကျနော့်ခြံဟာ အတော်လေး ကြည့်လို့ကောင်းလာပါတယ်။

ဒီတကယ့်အဖြစ်အပျက်လေးရဲ့ နောက်မှာပုန်းကွယ်နေတဲ့ အကြောင်းအရာက ဘာဖြစ်မလဲ။ တခါတရံမှာ ကျနော်တို့ရဲ့ ဘ၀ဟာလည်း ဒီအဖြစ်အပျက်နဲ့ ဆင်တူနိုင်ပါတယ်။ ကျနော်တို့အားလုံးရဲ့ ဘ၀တွေမှာလည်း အမြစ်ကနေဆွဲနှုတ်ဖို့ လိုအပ်တဲ့ ပေါင်းပင်၊ မြက်ပင်တွေ ရှိကြပါတယ်။ အဲဒီ ပေါင်းပင်၊ မြက်ပင်တွေဟာ စိန်ခေါ်မှု၊ တိုးတက်မှုအရှိန် ရပ်တန့်သွားခြင်း၊ အနှုတ်လက္ခဏာဆောင်တဲ့ စိတ်ဓာတ်၊ မလိုတမာပြောကြသူများ စသဖြင့် အမျိုးမျိုးအစားစား ဖြစ်နိုင်ကြပါတယ်။ 

အဖြေကတော့ ဒီလိုပါ။ ဘ၀ရဲ့ ပေါင်းပင်၊ မြက်ပင်တွေကို ရှင်းလင်းတဲ့အခါ နောက်ဆုံးမှာ အားလုံးကို အနိုင်ယူနိုင်အောင် တစ်ပင်ချင်းကို အမြစ်ကနေဆွဲနှုတ်ဖို့ပါပဲ။ အဲဒါပြီးတဲ့နောက် အခြား ပေါင်းပင်၊ မြက်ပင်တစ်မျိုး ထပ်မံ ပေါက်ရောက်လာတဲ့အခါ မပျံ့နှံ့ခင် မြန်မြန်လေး ကိုင်တွယ်ရပါမယ်။ ပထမတစ်ခေါက်ရဲ့ အတွေ့အကြုံအရ အမြစ်ကနေ ဆွဲနှုတ်ဖို့လိုတယ် ဆိုတာကို သဘောပေါက်ခဲ့ပြီ ဖြစ်တာကြောင့် ဒုက္ခပေးတဲ့ အခြားပေါင်းပင်၊ မြက်ပင်တွေ ထပ်ရောက်လာရင်လည်း အဲဒီအတွေ့အကြုံက သတ္တိနဲ့ဥာဏ်ပညာကို ပေးအပ်ထားခဲ့ပြီပဲဖြစ်ပါတယ်။

ကျနော်တို့အားလုံး ရှင်သန်ရင့်ကျက်ဖို့ ဘ၀ရဲ့ ပေါင်းပင်၊ မြက်ပင်တွေ လိုအပ်တယ်လို့ သင်ပြောနိုင်ပါတယ်။ သင့်ဥယျဉ်ခြံလှပဖို့ ပေါင်းပင်၊ မြက်ပင်တွေကို ဘယ်လိုရှင်းလင်းမလဲဆိုတာ သင်နားလည်ပြီဆိုရင် သင့်ဘ၀အတွက်လည်း သင်နားလည်ပြီပဲဖြစ်ပါတယ်။   

#Tony Masiello ၏ The Weeds in Our Lives ကုဆီလျော်အောင်ပြန်ဆိုခြင်းဖြစ်သည်။


No comments: