ကျနော်က ခင်ဗျားရဲ့လေထီးကို ထုပ်ပိုးပေးသူပါ
Charles Plumb ဟာ ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်ရေတပ်မှာ စစ်လေယဉ်မှူးတစ်ဦး ဖြစ်ပါတယ်။ စစ်ဆင်ရေး ၇၅ ကြိမ် အပြီးမှာတော့ သူ့လေယဉ်ဟာ မြေပြင်ကနေ ပစ်လွှတ်လာတဲ့ ဒုံးကျည်ကြောင့် ပျက်စီးခဲ့ရပါတယ်။ Plumb ဟာ အရေးပေါ်ထိုင်ခုံနဲ့ ခုန်ထွက်နိုင်ခဲ့ပေမယ့် ရန်သူတွေရဲ့ လက်ထဲသို့ လေထီးနဲ့ ခုန်ဆင်းလိုက်ရပါတယ်။ ရန်သူတွေက သူ့ကိုဖမ်းပြိး ကွန်မြူနစ် ဗီယက်နမ် အကျဉ်းထောင်မှာ ၆ နှစ်ကြာ အကျဉ်းချခြင်းခံခဲ့ရတယ်။ ဒါပေမယ့် သူဟာ အခက်ခဲဆုံး ကာလတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး အခုအချိန်မှာတော့ အတွေ့အကြုံကနေရရှိတဲ့ သင်ခန်းစာတွေကို ပို့ချပေးနေခဲ့ပါပြီ။
တစ်နေ့မှာတော့ စားသောက်ဆိုင်တစ်ခုမှာ Plumb နဲ့သူ့ဇနီး ထိုင်နေတုန်း အခြားစားပွဲကနေ လူတစ်ယောက်ထလာပြီး 'ခင်ဗျားက Plumb ပါလား၊ ဗီယက်နမ်စစ်ပွဲမှာ Kitty Hawk လေယဉ်တင်သင်္ဘာကနေ စစ်လေယဉ်တွေကို မောင်းတဲ့သူပဲ။ ပြီးတော့ ပစ်ချခံလိုက်ရတယ်လေ' လို့ပြောပါတယ်။
ထိုအခါ Plumb က "အဲဒီအကြောင်းကို ခင်ဗျားက ဘယ်ကဘယ်လို ကြားသိခဲ့တာလဲ" လို့ ပြန်မေးလိုက်တယ်။
အဲဒီလူက "ကျနော်က ခင်ဗျားရဲ့လေထီးကို ထုပ်ပိုးပေးသူပါ" လို့ပြန်ဖြေတယ်။ Plumb ကတော့ အံ့သြမှုနဲ့ ကျေးဇူးတင်စိတ်ကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ အဲဒီလူက သူ့လက်ကို နှိပ်နယ်ရင်း "အဲဒီလေထီးဟာ ကောင်းကောင်း အသုံးဝင်မယ်လို့ ထင်ပါတယ်" လို့ပြန်ပြောတယ်။ Plumb ကလည်း "တကယ်အသုံးဝင်တာပေါ့။ ခင်ဗျားရဲ့ လေထီးသာ သုံးလို့မရရင် ဒီနေ့ ဒီနေရာမှာ ကျနော်ရှိမှာ မဟုတ်ဘူးဗျ" လို့ ပြန်ဖြေတယ်။
အဲဒီညမှာတော့ Plumb ဟာ အဲဒီလူရဲ့အကြောင်းကို စဉ်းစားရင်း အိပ်မပျော်ဘူး။ Plumb က "ရေတပ်ဝတ်စုံနဲ့ သူ့ပုံစံကို ပြန်တွေးရင်း ကျနော်အံ့သြနေမိတယ်။ ဦးထုပ်အဖြူ၊ အပေါ်ရုံ ကျောသိုင်း၊ ခေါင်းလောင်းဘောင်းဘီ တို့နဲ့ပေါ့။ ကျနော်သူ့ကို မကြာခဏ တွေ့တွေ့နေရပေမယ့် 'မင်္ဂလာနံနက်ခင်းပါ၊ နေကောင်းရဲ့လား' ဒါမှမဟုတ် တစ်ခုခုတောင် မပြောခဲ့တာ မိမိကိုယ်ကို အံ့သြနေတယ်။ ကြောင်းကတော့ ခင်ဗျားသိတဲ့အတိုင်း ကျနော်က စစ်လေယဉ်မှူးဖြစ်ပြီး သူက သာမန်သင်္ဘောသား ဖြစ်နေလို့လေ" လို့ ပြောပါတယ်။
Plumb က အဲဒီ သင်္ဘောသားဟာ သင်္ဘောဝမ်းခန်းထဲက သစ်သားစားပွဲရှည်ကြီးမှာ လေထီးကြီုးတွေကို သေသေချာချာ ယှက်လုပ်ရင်း၊ လေထီးတစ်ခုစီရဲ့ ပိုးထည်တွေကို ခေါက်ရင်း နာရီပေါင်း ဘယ်လောက်ကြာအောင် အလုပ်လုပ်ခဲ့ရမလဲ ဆိုတာကို တွေးနေမိတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်တစ်ခုစီတိုင်းမှာ သူ မသိတဲ့လူ တစ်ယောက်ယောက်ရဲ့ ကံကြမ္မာကို သူ့လက်ထဲမှာ ကိုင်ထားလို့ပါ။
နောက်မှာတော့ Plumb ကသူ့ပရိသတ်ကို "ခင်ဗျားတို့ရဲ့လေထီးကိုရော ဘယ်သူထုပ်ပိုးပေးသလဲ" လို့မေးပါတယ်။ လူတိုင်းမှာ နေ့တစ်နေ့တာကို ဖြတ်သန်းနိုင်ဖို့ လိုအပ်တဲ့အရာကို ဖြည့်ဆည်းပေးတဲ့သူ ရှိကြပါတယ်။ ပြီးတော့ ရန်သူ့နယ်မြေမှာ သူ့လေယဉ် ပစ်ချခံရတုန်းက လေထီးအမျိုးအစားများစွာ သူလိုအပ်နေခဲ့တဲ့ အကြောင်းကိုလည်း Plumb ကထပ်ရှင်းပြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လေထီး၊ စိတ်ပိုင်းဆိုင်ရာ လေထီး၊ ခံစားမှုဆိုင်ရာ လေထီး နဲ့ စိတ်ဝိဥာဏ်ဆိုင်ရာ လေထီး စသဖြင့်ပေါ့။ ဘေးကင်းစွာနဲ့ မြေပြင်ကို ဆင်းသက်နိုင်ဖို့ အဲဒီ အကူအညီတွေအားလုံးကို သူအသုံးပြုခဲ့ရပါတယ်။
တစ်ခါတစ်ရံမှာတော့ ဘ၀ကပေးတဲ့ နေ့စဉ် စိန်ခေါ်မှုတွေကြားမှာ တကယ်အရေးကြီးတဲ့အရာကို ကျနော်တို့ အမှုမဲ့အမှတ်မဲ့ နေမိတတ်ကြတယ်။ "ဟဲလို၊ ကျေးဇူးပြုပြီး" ဒါမှမဟုတ် "ကျေးဇူးတင်ပါတယ်" စတာတွေပြောဖို့၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ တစုံတရာကို ရရှိတဲ့သူတွေကို congratulate ဖို့၊ ချီးကျူးဖို့၊ ဒါမှမဟုတ် ဘာအကြောင်းမှမရှိသည့်တိုင် ကောင်းတဲ့အရာ တစ်ခုခုကို လုပ်ဖို့ စသဖြင့်ပေါ့။ ဒီတစ်ပတ်၊ ဒီလ၊ ဒီနှစ် ကိုဖြတ်သန်းတဲ့အခါ ခင်ဗျားရဲ့ လေထီးကို ထုပ်ပိုးပေးတဲ့သူတွေကို အသိအမှတ်ပြုပါ။
ကျနော့်လေထီးကို ခင်ဗျားထုပ်ပိုးပေးလိုက်တဲ့ အချိန်တွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ဒီစာကို ခင်ဗျားဆီပို့ပေးတာပါ။ ခင်ဗျားရဲ့လေထီးကို ကူညီထုပ်ပိုးပေးတဲ့ သူတွေကိုလည်း ခင်ဗျားကပို့လိုက်မယ်လို့ မျှော်လင့်ပါတယ်။ တခါတရံမှာ သူငယ်ချင်းတွေက အခြားစာလုံးတစ်လုံးမှ မပါပဲ ဟာသတစ်ပုဒ်ကို ကျနော်တို့ဆီ ဘာကြောင့်ပို့လိုက်သလဲ ဆိုတာကို ကျနော်တို့ အံ့သြမိတတ်ကြတယ်။ အဲဒါကို ဒီစာက ရှင်းပြပေးနိုင်ပါလိမ့်မယ်။ အလုပ်တွေများနေပေမယ့် အဆက်အသွယ် မပြတ်စေချင်တဲ့သူတွေကို ခင်ဗျားဘာလုပ်မယ်လို့ ထင်သလဲ။ ဟာသလေးတွေ ပို့လိုက်တယ်ပေါ့။
ခင်ဗျားကို မမေ့သေးဘူး၊ အရေးကြီးတဲ့သူဖြစ်နေသေးတယ်၊ ချစ်ခြင်းကို ရရှိနေသေးတယ်၊ ဂရုစိုက်ခံရသေးတယ် ဆိုတာကို သိစေချင်တဲ့သူတွေဆီကနေ ခင်ဗျားဘာရရှိမယ်ထင်သလဲ။ သူတို့ပို့လိုက်တဲ့ ဟာသလေးတွေပေါ့။ ဒါကြောင့် သူငယ်ချင်းတို့ရေ၊ နောက်တစ်ခါ တစ်ယောက်ယောက်က ပို့လိုက်တဲ့ ဟာသတစ်ပုဒ်ကို ရရှိတဲ့အခါ၊ သာမန် ဟာသတစ်ပုဒ် ထပ်မံရရှိတယ်လို့ လွယ်လွယ်မတွေးကြပါနဲ့။ ဒီနေ့မှာ ခင်ဗျားရဲ့အကြောင်းကို တွေးနေတဲ့သူရှိနေပြီး ခင်ဗျားရဲ့ ကွန်ပြူတာရဲ့ အခြားတစ်ဖက်မှာ ရှိနေတဲ့သူငယ်ချင်းက ခင်ဗျားဆီကနေ အပြုံး emoticon လေးတစ်ခု မျှော်လင့်နေတယ် ဆိုတာကို သတိပြုပါ။ သူ ဟာဟ ပို့ရတဲ့အကြောင်းရင်းက နေ့တစ်နေ့ကို ဖြတ်သန်းနေတဲ့ ခင်ဗျားရဲ့လေထီးကို ကူညီထုပ်ပိုးပေးနေတာ ဖြစ်ပါတယ်။
မူရင်းလင်ခ် - http://www.agiftofinspiration.com.au/index.shtml
29 October, 2016
ကျနော်က ခင်ဗျားရဲ့လေထီးကို ထုပ်ပိုးပေးသူပ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment