29 October, 2016

အကြီးဆုံးသားသမီးတို့ရဲ့တာဝန်ဝတ္တရား

အကြီးဆုံးသားသမီးတို့ရဲ့ တာဝန်ဝတ္တရား

ကျနော်ဟာ မောင်နှမသုံးယောက်မှာ အကြီးဆုံးသားဖြစ်ပါတယ်။ ကျနော့်ညီထက် ၂ နှစ်၊ ညီမလေးထက် ၉ နှစ်ပိုကြီးပါတယ်။ ကျနော် ၁၄ နှစ်အရွယ်လောက်တုန်းက အဖေနဲ့အငြင်းအခုန် ဖြစ်ကြတယ်။ ကျနော်တို့ သဘောထားချင်း မတူနိုင်ခဲ့တာ ဘာအကြောင်းအရာလည်း ဆိုတာကိုတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် မောင်နှမ ၈ ယောက်မှာ ဒုတိယ အကြီးဆုံးဖြစ်တဲ့ အဖေက ကျနော့်ကို ဆုံးမခဲ့တဲ့အချက်ကိုတော့ အခုထိမှတ်မိနေပါတယ်။

အဖေက - "ဒီအိမ်မှာ မင်းချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုတိုင်းမှာ အမှန်တကယ်တော့ မင်းက ဆုံးဖြတ်ချက်သုံးခုစီ ချမှတ်နေတာပါ။ မင်းလုပ်လိုက်တဲ့ တစုံတရာကို မင်းရဲ့ညီကမြင်ပြီး မင်းလိုပဲ လိုက်လုပ်မှာ။ မင်းနဲ့မင်းညီလေး လုပ်နေတာကို မြင်တဲ့မင်းတို့ရဲ့ ညီမလေးကလည်း အဲဒါကို လိုက်လုပ်မှာပဲ။ မင်းရဲ့ညီလေးကို မင်းဆက်ဆံတဲ့ပုံစံက ညီမလေးကို သူဘယ်လို ဆက်ဆံခွင့်ရှိတယ် ဆိုတာကို သင်ပေးမှာ။ ဒီလိုပဲ မင်းရဲ့ညီမလေးကို မင်းဆက်ဆံတဲ့ပုံစံက သူ့ဘ၀နောက်ပိုင်း တစ်ခုလုံး ဘယ်လိုဆက်ဆံခံရမယ် ဆိုတဲ့ခံယူချက်ကို သင်ပေးမှာ၊ နောက်နောင်မှာ ရှိလာမယ့် သူ့ချစ်သူကောင်လေးက သူ့ကိုဘယ်လိုဆက်ဆံမယ် ဆိုတဲ့ခံယူချက် အထိပေါ့။"

အဖေ့စကားက ကျနော့်ကို တုန်လှုပ်စေခဲ့ပါတယ်။ ဒါကြောင့် အကြီးဆုံး သားသမီးတစ်ဦးရဲ့ တာဝန်ဝတ္တရားကို ပြန်လည် ဆင်ခြင် စေခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ စံပြတစ်ယောက်အနေနဲ့ ကျနော့်တာဝန်ကို ပိုပြီးဂရုစိုက်လာခဲ့တယ်။

ကိုယ့်အနီးအနားမှာ ရှိတဲ့သူတွေကို လွှမ်းမိုးဖို့ တမင်သက်သက် မလုပ်ဆောင်သည့်တိုင် သင့်ကိုကြည့်ပြီး ကြီးပင်းလာသူတွေ၊ သင့်ကို လေးစားတဲ့သူတွေက သူတို့တွေ့ကြုံနေတဲ့ အခြေအနေနဲ့ ဆင်တူတဲ့ အခြေအနေကို သင်ကိုင်တွယ်ခဲ့တဲ့ ပုံစံအတိုင်း တစုံတရာအထိတော့ ဆုံးဖြတ်လုပ်ဆောင်ကြမှာပဲ ဖြစ်ပါတယ်။ အဆင်မပြေမှု တစုံတရာကြောင့် သင်စိတ်ပျက်ပြီး စိတ်ဖိစီးမှုများနေကာ စိတ်ဆိုးခဲ့တာကို သူတို့မြင်တွေ့ခဲ့ရင် အဆင်မပြေမှု အနည်းငယ် ကြုံတဲ့အခါမှာတောင် သင်တုန့်ပြန်ခဲ့သလိုမျိုး တုန့်ပြန်ချင်လာကြမှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ခက်ခဲတဲ့ အခြေအနေနဲ့ ဖိစီးမှုများစွာရဲ့အောက်မှာတောင် တည်တည်ငြိမ်ငြိမ် နေနိုင်ခဲ့ရင်တော့၊ သူတို့လည်း အဲဒီလိုလုပ်နိုင်တယ်လို့ ယုံကြည်ဖို့ ခွန်အားပေးရာ ရောက်မှာဖြစ်ပါတယ်။

ဒီလိုပါပဲ။ အကြီးဆုံးသားသမီး မဟုတ်ရင်တောင် ကိုယ့်ထက်ငယ်တဲ့ မောင်နှမရှိတဲ့သူတိုင်း အတွက်လည်း တာဝန်ဝတ္တားကိုယ်စီ ရှိနေတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါ့အပြင် ကျနော်တို့ကို ကြည့်ပြီး ကြီးပင်းလာတဲ့သူတွေ ရှိနေသမျှတော့ ကျနော်တို့ရဲ့ တာဝန်ဝတ္တရားဟာလည်း အတူတူပဲဖြစ်ပါတယ်။

လူသူလေးစားခြင်းခံရသူတွေ၊ သြဇာအာဏာရှိသူတွေ ဆိုရင် လူပေါင်းများစွာရဲ့ ဘ၀ကို လွှမ်းမိုးနိုင်စွမ်း ရှိသူတွေဖြစ်ကြတော့ တာဝန်ဝတ္တရား ပိုကြီးတာပေါ့နော်။ အကောင်ကြီးလေ အရိပ်ကြီးလေ ဆိုတော့လေ။ 

#15 Short Stories From Everyday People About A Time They Were Taught A Priceless Life Lesson မှ No. 3 အခြေခံကာ ဖြည့်စွက်ရေးသားထားခြင်းဖြစ်သည်။ Source: Mutericator.


No comments: