26 September, 2016

ဖဲကြိုးနီလေး

ဖဲကြိုးနီလေး



လူတိုင်းလိုချင်တာက ဖဲကြိုးပြာလေးပါ။ အပြာရောင်ဆိုတာ ပထမ၊ အကောင်းဆုံးဆိုတဲ့သဘောဖြစ်နေလို့လေ။ သူငယ်တန်း ကလေးတွေတောင် ဖဲကြိုးပြာကိုလိုချင်ကြတယ်။ အားကစားဘက်မှာ ကျနော်ဟာ ဘယ်တော့မှ ဖဲကြိုးပြာ ရတဲ့သူ မဖြစ်ခဲ့ဖူးဘူး။ အပြေးပြိုင်ပွဲဆိုရင် ကျနော်ကဘိတ်ဆုံး။ ဘေ့စ်ဘောမှာဆိုလဲ မပစ်တတ်ရုံသာမက ရိုက်တံတောင် ကောင်းကောင်း မကိုင်တတ်ပါဘူး။ ဘတ်စ်ကက်ဘောမှာကျတော့ ကွင်းထဲမှာ အခြားကစားသမား ကိုးယောက်မရှိတဲ့ အခါမှသာ ကျနော်က တော်တာပါ။ အားကစားဘက်မှာ ကျနော့်ထိန့်လန့်ဖွယ်ရာ ညံ့ဖျင်းချက်တွေကို ဘယ်နေရာမှာ ကျနော်သဘော ပေါက်ခဲ့တယ် ဆိုတာတော့ မမှတ်မိတော့ပေမယ့် အစောကြီးကတည်းက နားလည်ခဲ့တယ်ဆိုတာကိုတော့ မှတ်မိခဲ့ပါတယ်။

ကျနော်သူငယ်တန်းတက်တုန်းက နွေဦးရာသီမှာ ကျနော်တို့အတန်းဟာ မိုင်နှစ်ဆယ်လောက်ဝေးတဲ့မြို့ကို ပျော်ပွဲစား ထွက်ခဲ့ကြတယ်။ အခုချိန်မှာတော့ အဲဒါကကြီးကျယ်ခမ်းနားတဲ့ ခရီးမဟုတ်ပေမယ့်၊ အိမ်ခြေသုံးရာလောက်သာရှိတဲ့ ရွာမှာပဲ တစ်ဘ၀လုံးကို ဖြတ်သန်းလာတဲ့ အသက်ခြောက်နှစ်အရွယ် ကလေးတစ်ယောက် အတွက်တော့ အိမ်ခြေ နှစ်ထောင် လောက်ရှိတဲ့မြို့တစ်မြို့ ကိုသွားရောက်တာက တကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာပါ။ သို့နှင့်တိုင် အခုအချိန်မှာ ပြန်တွေးကြည့်တော့ အဲဒီနေ့က အဖြစ်အပျက်တွေကို အဲလောက်ကြီးမမှတ်မိပြန်ဘူး။ ကျနော်တို့ အိပ်ငယ်လေးနဲ့ ထုပ်လာကြတဲ့နေ့လယ်စာကို စားကြတာ၊ ဒန်းစီးကြတာ၊ လျှောစီးကြတာ စတဲ့ခြောက်နှစ်အရွယ် ကလေးတွေ လုပ်လေ့ရှိတာတွေကိုပဲ မှတ်မိပါတော့တယ်။ ဒါပေမယ့် အဲတာတွေအပြီးမှာ အပြေးပြိုင်ပွဲရှိတာကိုတော့ ကောင်းကောင်းကြီးကို မှတ်မိပြန်ရော။

အဲဒီအပြေးပြိုင်ပွဲက ရိုးရိုးအပြေးပြိုင်တာမဟုတ်ဘူး။ အဲဒီမှာပါလာကြတဲ့ တစ်ချို့မိဘတွေက ပျော်စရာကောင်းတဲ့ အပြေးပြိုင်ပွဲမျိုး လုပ်ဖို့ စိတ်ကူးရလာကြတယ်။ လည်ပင်းမှာ အားလူးအိပ်ကိုချိတ်ရင်းပြေးတာ၊ ကြက်ဥတစ်လုံးကို ထမင်းစားဇွန်းနဲ့ သယ်ရင်းပြေးတာ စသဖြင့်ပေါ့။ အဲလိုအပြေးပြိုင်ကြတာကိုတော့ အသေးစိတ် မမှတ်မိတော့ဘူး။ ဒါပေမယ့် ကျနော့်မှတ်ညဏ်ထဲမှာ ထာဝရထင်ကျန်နေမယ့် အပြေးပြိုင်ခြင်းတစ်မျိုးတော့ ရှိခဲ့တယ်။ အဲဒါက ခြေထောက်သုံးချောင်း အပြေးပြိုင်ပွဲ လို့ခေါ်ကြတဲ့ဟာပေါ့။ ကလေးနှစ်ယောက်ရဲ့ ခြေတစ်ဖက်စီကို ကြိုးနဲ့တွဲချည်ကာ နှစ်ယောက်တစ်တွဲစီ အပြေးပြိုင်နည်းပေါ့။

ကံကောင်းတဲ့ ကောင်လေးတစ်ယောက်က ကျနော့်အတွဲဖြစ်ခွင့်ရခဲ့တယ်။ အားကစားမှာ တုန်လှုပ်ဖွယ်ကောင်းအောင် ညံ့တဲ့ကျနော်နဲ့ တွဲခွင့်ရတာကို ကံကောင်းတယ်လို့ ပြောချင်တာပါ :P :D ။ အဲဒီကောင်လေးက ကျနော်တို့အတန်းက ဒုတိယအတော်ဆုံး အားစကားသမားဖြစ်နေတယ်လေ။ သူ့ခြေတစ်ဖက်ကို ကျနော့်ခြေတစ်ဖက်နဲ့ တွဲချည်ပေးနေကြတဲ့ အချိန်မှာသူဟာ စိတ်မကောင်းကြီးစွာ ဖြစ်နေတယ်ဆိုတာ ကျနော်ကောင်းကောင်းသိနေခဲ့တယ်။ ကျနော်က အရှုံးသမား။ သူကအောင်နိုင်သူ။ သူကအရာအားလုံးနီးပါးမှာ အနိုင်ရချင်သူတစ်ယောက်။ ဒါပေမယ့် ကျနော်နဲ့တွဲရင်တော့ သူ့မှာအခွင့်အရေး မရှိတော့ဘူးဆိုတာ ကျနော်သိနေတယ်။  

ဒါပေမယ့် သူ့အခြေအနေကို ကျနော်လောက် သတိထားမိပုံမပေါ်ဘူး။ သူကကျနော့်လက်ကို လာကိုင်ရင်း၊ သေနတ်ပစ် ဖောက်သံ ပေါ်လာတာနဲ့ အခြားတစ်ဖက်ဆီကို ကျနော်တို့ပြေးခဲ့ကြတယ်။ ကျနော်တို့အနားက အခြားအတွဲတွေက လဲကျသူလဲကျ၊ ခလုတ်တိုက်မိသူတိုက်မိနဲ့ ဖြစ်နေကြပေမယ့် ကျနော်တို့ကတော့ အဆင်ပြေပြေပြေးနိုင်ခဲ့တယ်။
ခဏလောက်အကြာမှာ နောက်ဖက်ကို ကျနော်တို့လှည့်ကြည့်တော့ ကျနော်တို့က အမြန်ဆုံးဖြစ်နေတယ်။ ကျနော်တို့ကို လိုက်မှီနိုင်မယ့်သူက အခြားတစ်တွဲပဲရှိတယ်။ အခြားသူအားလုံးကတော့ ကျနော်တို့ရဲ့နောက် ကိုက်တော်တော်များများမှာ ကျန်နေကြတုန်း။

ဒါပေမယ့် စည်းမရောက်ခင် တစ်ပေသာလိုတဲ့နေရာမှာ ကံဆိုးမိုးမှောင်ခြင်းက ရုတ်တရက် ရောက်ချလာခဲ့တယ်။ ကျနော်ခြေလှမ်းမှာပြီး လဲကျခဲ့တယ်လေ။

စည်းနဲ့တစ်ပေသာ လိုနေတာဆိုတော့ ကျနော်နဲ့တွဲချည်ထားတဲ့ ကောင်လေးက ကျနော့်ကို ဒရွတ်ဆွဲကာ ခြေလှမ်း တစ်လှမ်းလေးပဲ လှမ်းလိုက်ရင် ကျနော်တို့ ဖဲကြိုးပြာရနိုင်ပါတယ်။ ဒါပေမယ့် သူမလုပ်ခဲ့ပါဘူး။ သူပြေးတာကိုရပ်ပြီး လဲကျနေတဲ့ ကျနော့်ကို ဆွဲထူပေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အခြားတစ်တွဲက စည်းကိုဖြတ်ပြေးလာ ခဲ့ကြတယ်။ ကျနော်တို့က ဒုတိယပဲရကာ ဖဲကြိုးနီလေးရခဲ့ကြတယ်။ အဲဒီအဖြစ်အပျက်ကို ကျနော်ကောင်းကောင်း မှတ်မိနေသေးသလို ဖဲကြိုးနီလေးကိုလဲ ခုထိသိမ်းထားပါတယ်။

အဲဒီအဖြစ်အပျက်နောက်ပိုင်း ၁၃ နှစ်အကြာမှာ ကျနော်တို့ဘွဲ့ရခဲ့ကြတယ်။ ဘွဲ့နှင်းသဘင်မှာ အဲဒီကျောင်းသားတွေကိုပဲ နှုတ်ခွန်းဆက်စကားပြောဖို့ စင်ပေါ်မှာကျနော်ရပ်နေခဲ့တယ်။ ဒါပေမယ့် သူငယ်တန်းတုန်းက အဲဒီအဖြစ်အပျက်ကို ဘယ်သူကမှ မမှတ်မိပါဘူး။ ဒါကြောင့် ဖဲကြိုးပြာရဖို့ထက် သူငယ်ချင်းတစ်ယောက်ကို မတ်တတ်ရပ်နိုင်အောင် ကူညီဆွဲထူပေးတာက ပိုအရေးကြီးကြောင်း ကျနော့်ကိုသင်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ကောင်လေးတစ်ယောက် အကြောင်းကို ကျနော်ပြန်ပြောင်း ပြောပြခဲ့တယ်။ 

အဲဒီကာင်းလေးဟာ ဘွဲ့ယူတဲ့လူတွေထဲမှာထိုင်နေပေမယ့် သူဟာဘယ်သူဖြစ်ကြောင်း ကျနော်ထုတ်ပြောမှာမဟုတ်ဘူးလို့ ပရိတ်တတ်ကို ကျနော်ပြောပြခဲ့တယ်။ အကြောင်းကတော့ သူတို့အားလုံးဟာလည်း တစ်ချိန်ချိန်မှာ အဲဒီကောင်လေး ဖြစ်နေခဲ့ကြလို့ပါ။ ကျနော်လဲကျချိန်မှာ ကူညီပေးကြဖူးတယ်။ သူတို့ရဲ့ ရည်းမှန်းချက်လမ်းကြောင်းပေါ်မှာ သူတို့လျှောက်လှမ်းနေတုန်း အကူအညီလိုအပ်နေတဲ့ သူငယ်ချင်းကို ကူညီဖို့ အချိန်ဖဲ့ပေးဖူးသူတွေပါ။

ကျနော်အဲဒီဖဲကြိုးနီလေးကို ဘာကြောင့်သိမ်းထားတယ် ဆိုတာကိုလည်း ပြောပြခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သင်နဲ့အနီးဆုံးမှာရှိတဲ့သူက သင့်ကိုအောင်နိုင်သူအဖြစ်ရှုမြင်ဖို့ အပြင်လောကမှာရှိတဲ့လူတွေက သင့်အား အောင်နိုင်သူ အဖြစ် ရှုမြင်သတ်မှတ်ဖို့ မလိုအပ်ဘူးဆိုတာကို အဲဒီဖဲကြိုးနီလေးက ပြန်သတိရစေလို့ပါ။ ကမ္ဘာလောကကြီးကတော့ သင့်ကိုအရှုံးသမား ဒါမှမဟုတ် အောင်နိုင်သူ အဖြစ်သတ်မှတ်ချင် သတ်မှတ်လိမ့်မယ်၊ ဒါပေမယ့် သင်နဲ့အနီးဆုံး မှာရှိတဲ့သူတွေသည်သာ အမှန်တရားကို အသိဆုံးပါ။ ဒီဘ၀ခရီးကို ကျနော်တို့ဖြတ်သန်းတဲ့အခါမှာ အဲဒီအချက်ကို သတိရမှတ်မိဖို့ အရေးကြီးပါတယ်။

သင့်သူငယ်ချင်းတွေကို ကူညီခဲ့ဖူးတာကို သက်သေအဖြစ် သင့်မှာဖဲကြိုးနီလေး ရှိချင်မှရှိမှာပါ။ ဒါပေမယ့် ဖဲကြိုးပြာရဖို့ သင်ကြိုးစားနေတဲ့အချိန်မှာ သူတို့ကိုကူညီဖို့ သင်ရဲ့အချိန်တွေကို ဖဲ့ပေးခဲ့လို့ သင့်ကိုသတိရမှတ်မိတဲ့ သူငယ်ချင်း အနည်းငယ်လောက်တော့ ရှိလိမ့်မယ်လို့ ကျနော်နက်နက်နဲနဲ မျှော်လင့်ပါတယ်။ အဲဒီလို သူငယ်ချင်းတွေကို ကိုယ့်ဘ၀ရဲ့ အစိတ်အပိုင်းအား ဖဲ့ပေးဖူးသူတွေဟာ တကယ်တန်ဖိုး ရှိသူတွေဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ဟာ ကျနော့်အတွက် အဖိုးတန်ဆုံးလူတွေ ဖြစ်နေတာကိုတော့ ကျနော်သိနေတယ်လေ။

ဆလိုင်းရှန်းလျန်အုပ်

#ကလေးတက္ကသိုလ်၊ အင်္ဂလိပ်စာအထူးပြု၊ မဟာတန်းဒုတိယနှစ်မှ အတန်းဖော်များအားလုံးအတွက် အမှတ်တရအဖြစ် Staci Stallings ၏ The Red Ribbon ကိုဆီလျော်အောင်ပြန်ဆိုခြင်းဖြစ်သည်။


No comments: