03 October, 2016

တိတ်ဆိတ်မှုနောက်ကွယ်က ဘဝရဲ့မျက်ရည်စက်များ

တိတ်ဆိတ်မှုနောက်ကွယ်က ဘ၀ရဲ့မျက်ရည်စက်များ

Bill ဟာစက်ရုံရဲ့ ကုန်စည် ထုတ်လုပ်ရေး အပိုင်းမှာ အလုပ်လုပ်နေသူပါ။ လူကောင်ကြီးကြီး၊ ပုံပန်း မကျလှတဲ့ ကိုယ်လုံးနဲ့ အလုပ်သမား တစ်ယောက်ပေါ့။ သူနဲ့မတော်တဲ့ အ၀တ်အစားတွေကို မသတ်မရပ် ၀တ်လေ့ရှိတယ်။ သူ့အနီး အနားမှာတော့ သူ့ကို ဟာသလုပ်ရတာ တကယ်ပျော်စရာ ကောင်းတယ်လို့ ထင်မှတ်နေသူ အလုပ်သမား တွေအများကြီး ရှိကြတယ်။

တစ်နေ့တော့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က Bill ရဲ့ရှပ်အင်္ကျီမှာ နေရာသေးသေးလေး စုတ်ပြဲနေတာကို သတိထားမိပြီး မသိမသာလေးဆွဲကာ ထပ်စုတ်ဖြဲလိုက်တယ်။ အခြားအလုပ်သမား တစ်ယောက်ကလည်း သူ့လိုပဲ ထပ်မံ စုတ်ဖြဲပြန်တယ်။ ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ Bill ရဲ့ရှပ်အင်္ကျီပေါ်မှာ တွဲလောင်းကျနေတဲ့ စုတ်ပြဲရာတစ်ခု ရှိလာခဲ့တယ်။ Bill က သူ့အလုပ်ကိုလုပ်ရင်း အခြားတစ်နေရာကို သွားတဲ့အခါ အရှိန်နဲ့ လည်နေတဲ့ စက်ခါးပတ်ကြိုးနဲ့ နီးနီးကပ်ကပ်လေးကို ဖြတ်လျှောက်မိတယ်။ ဒီတော့ သူ့ရှပ်အင်္ကျီပေါ်က စုတ်ပြဲရာကို စက်ခါးပတ်ကြိုးက ဆွဲယူမိပါတော့တယ်။ စက္ကန့် အနည်းငယ် အတွင်းမှာပဲ Bill ဟာ ဒုက္ခရောက်တော့တာပေါ့။ အန္တရယ် အချက်ပေးသံတွေ မြည်လာတယ်။ ခလုပ်တွေကို အလျင်အမြန် သွားပိတ်ကြတယ်။ ဒီလိုနဲ့ ကံကောင်း ထောက်မစွာပဲ ပြသနာကို ဖြေရှင်း နိုင်ခဲ့ကြတယ်။

အဲဒီအဖြစ်အပျက် ပြီးတဲ့နောက်မှာ ဖိုမင်က အလုပ်သမားအားလုံးကို ခေါ်ပြီးတော့ အောက်ပါ ပုံပြင်ကို ပြောပြခဲ့တယ်။

ကျနော် လူငယ်ဘ၀တုန်းက စက်ရုံငယ်တစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီမှာ Mike ကိုပထမဆုံးအကြိမ် တွေ့ခဲ့တာပါ။ Mike က လူကောင်လည်းကြီး၊ ဥာဏ်လည်းကောင်းတဲ့ သူပါ။ အမြဲလိုလို ဟာသလုပ်တတ်ပြီး၊ အစအနောက် သန်ပါတယ်။ သူက ကျနော်တို့ရဲ့ ခေါင်းဆောင်ပေါ့။ သူ့မှာ Peter ဆိုတဲ့ နောက်လိုက် တစ်ယောက်ရှိတယ်။ Peter က Mike သွားတဲ့ နေရာတိုင်းကို လိုက်သွားလေ့ရှိတယ်။ ပြီးတော့ Murray ဆိုတဲ့ လူတစ်ယောက်လည်း ရှိတယ်။ သူဟာ ကျနော်တို့ အားလုံးထက် နည်းနည်းလေး အသက်ပိုကြီးတယ်။ တိတ်တိတ်ဆိတ်ဆိတ် နေတတ်ပြီး၊ ဘယ်သူ့ကိုမှ ပြသနာ မရှာပဲ တစ်ယောက်တည်း နေတတ်သူပေါ့။ နေ့လယ်စာကိုတောင် တစ်ယောက်တည်း စားလေ့ရှိတယ်။

Murray ဟာ ဖာထေးထားတဲ့ ဘောင်းဘီ တစ်ထည်ကိုပဲ သုံးနှစ်လုံးလုံး ၀တ်ခဲ့တယ်။ ကျနော်တို့ မွန်းလွဲပိုင်းမှာ ကစားလေ့ရှိတဲ့ ကစားနည်း အမျိုးမျိုးမှာလည်း ပါဝင်လေ့မရှိဘူး။ သူက ဘာကိုမှ စိတ်ဝင်စားတဲ့ ပုံမပေါက်ဘူး။ အမြဲလိုလို သစ်ပင် တစ်ပင်အောက်မှာပဲ ငြိမ်သက်စွာ ထိုင်လေ့ရှိတယ်။ ဒီတော့ အလုပ်သမား အချင်းချင်း ဟာသအနေနဲ့ စကြနောက်ကြတဲ့ အခါမှာ Murray ဟာ ပစ်မှတ်ဖြစ်လာခဲ့တယ်။

သူ့နေ့လယ်စာဘူးထဲမှာ ဖားအရှင်ကို တွေ့တဲ့အခါမျိုး ရှိတတ်သလို၊ သူ့ဦးထုပ်ထဲမှာ ပင့်ကူ အသေတစ်ကောင်ကို တွေ့တဲ့အခါလည်း ရှိတတ်တယ်။ ဒါပေမယ့် တကယ်ရယ်ရတဲ့ သာမန်ဟာသအဖြစ်သာ သူအမြဲတမ်း မှတ်ယူလေ့ရှိတယ်။ အလုပ်သိပ်မများတဲ့ ဆောင်းဦးရာသီ တစ်ခေါက်မှာတော့ Mike ဟာ ခွင့်ရက် အနည်းငယ်ယူပြီး တောလိုက်ဖို့ ထွက်သွားတယ်။ ထုံးစံအတိုင်း Peter လည်း ပါသွားတာပေါ့။ သူတို့ တောကောင် ရလာတယ်ဆိုရင် ကျနော်တို့ အားလုံးကိုလည်း ခွဲဝေပေးမယ်လို့ ကတိပေးသွားခဲ့ကြတယ်။

ဒီတော့ သူတို့ပြန်လာပြီး Mike က တောကောင်အကြီးကြီး ရလာတယ်ဆိုတဲ့ သတင်းကြားတဲ့အချိန်မှာ ကျနော်တို့အားလုံး စိတ်လှုပ်ရှားနေကြတယ်။ ကျနော်တို့ နောက်ထပ်သတင်း တစ်ခုလည်း ရထားကြတယ်။ ဘာကြောင့်လည်း ဆိုတော့ Peter က သူကြားသမျှကို လျှို့ဝှက်မထားနိုင်တဲ့ လူဖြစ်လို့ပါ။ သူတို့က Murray ကို ဟာသလုပ်ကြဖို့ ကြံစည်ထားတယ်တဲ့။ Mike က ကျနော်တို့အတွက် တောကောင်အသား တော်တော်များများကို ထုပ်ပိုးပြီး ဝေစုခွဲပေးထားတယ်။ ဒါပေမယ့် နားရွက်၊ အမြှီးနဲ့ ခွာတွေကိုတော့ သီးသန့်ထုပ်ပိုးထားပြီး Murray ကို ပေးဖို့သိမ်းထားတယ်။ Murray က အသားထုပ်ကို ဖြေလိုက်တဲ့အချိန်မှာ အားလုံးဝိုင်းဟား ကြဖို့ပေါ့။

နေ့လည် နားချိန်မှာ Mike က သူထုပ်ထားတဲ့ ဝေစုတွေကို ဝေပေးလိုက်တယ်။ ကျနော်တို့ တော်တော်လေး ကောင်းတဲ့ ဝေစု ကိုယ်စီရကြတယ်။ အထုပ်ကို ဖြေပြီးတဲ့နောက် Mike ကို ကျေးဇူးတင်စကား ပြောကြတယ်။ ဒါပေမယ့် အကြီးဆုံး အထုပ်ကိုတော့ နောက်ဆုံးမှာဝေဖို့ သူသိမ်းထားတယ်။ အဲဒါက Murray ကို ပေးရမယ့် အထုပ်ပေါ့။ Peter ကတော့ ရယ်ချင်စိတ်ကို ခက်ခက်ခဲခဲ ထိန်းထားတဲ့ပုံပါပဲ။ Mike ဆိုရင်လည်း သူ့ကိုသူ တကယ် ကျေနပ်နေတဲ့ပုံ ပေါက်နေတယ်။ ပုံမှန်အတိုင်းပါပဲ၊ Murray ကတော့ စားပွဲအစွန်မှာ တစ်ယောက်တည်း ထိုင်နေတယ်။ Mike က အထုပ်ကို Murray လက်လှမ်း မှီနိုင်တဲ့နေရာအထိ တွန်းပို့ပေးလိုက်တယ်။ ကျနော်တို့ အားလုံးကတော့ ငြိမ်ငြိမ်လေးထိုင်ပြီး ဖြစ်လာမယ့် အရာကို စောင့်နေကြတယ်။

Murray ဟာ ဘယ်တော့မှ စကားများများ မပြောတဲ့သူပါ။ မဖြစ်မနေ ကိစ္စကျမှသာ စကားပြောတဲ့သူ မျိုးပေါ့။ သုံးနှစ်လုံးလုံးမှာ စကားလုံး တစ်ရာထက်ပိုအောင် မပြောဘူးထင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါ Murray ရဲ့အပြုအမူက ကျနော်တို့ အားလုံးကို အံ့သြမှင်သက်စေတယ်။ အထုပ်ကို လက်နဲ့ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဖြည်းဖြည်းလေး ထလာတယ်။ Mike ကိုကြည့်ရင်း ကျေနပ်စွာ ပြုံးနေတယ်။ အဲဒီမှာ သူ့မျက်လုံးတွေဟာ မျက်ရည်တွေနဲ့ ပြည့်လာတာကို ကျနော်တို့ သတိထားမိတယ်။ ခဏတာမျှ သူ့လည်ချောင်းကနေ ဆို့နင့်သံတွေ ထွက်လာပြီးနောက် သူ့ကိုသူ ပြန်ထိန်းနိုင်ခဲ့တယ်။

ပြီးတော့ "ကျနော့်ကိုလည်း မေ့မှာမဟုတ်ဘူး ဆိုတာကို ကျနော်သိပါတယ်။ ကျနော့်အတွက်လည်း ဝေစုလုပ်ပေးမှာကို ကျနော်သိပါတယ်။ ခင်ဗျားဟာ လူကောင်လည်းကြီးပြီး အစအနောက် သန်ပေမယ့် စိတ်သဘောထား ကောင်းတယ် ဆိုတာကို တစ်လျှောက်လုံးပဲ ကျနော် သိနေခဲ့ပါတယ်" လို့ Mike ကို ကျေးဇူးတင်စကား စပြောပါတယ်။

ပြီးတော့ ငိုချင်စိတ်ကို ထိန်းဖို့ ခဏမျှနားပြီးနောက် ကျနော်တို့ အားလုံးကို ကြည့်ပြီး သူ့စကားကို ဆက်ပြောပါတယ်။ "ကျနော်ဟာ ခင်ဗျားတို့ အားလုံးအတွက် ခင်မင်စရာ သိပ်ကောင်းမှာ မဟုတ်ဘူးဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် ကျနော်တမင် သက်သက် ရိုင်းစိုင်းဖို့တော့ မရည်ရွယ်ပါဘူး။ အိမ်မှာ ကျနော့် သားသမီး ကိုးယောက်နဲ့ နာတာရှည်ရောဂါ ခံစားနေတဲ့ ကျနော့်မိန်းမ ရှိကြပါတယ်။ ကျနော့်မိန်းမဟာ ကုတင်ပေါ်မှာပဲ ပြီးခဲ့တဲ့ လေးနှစ်လုံးလုံးကို ဖြတ်သန်း လာခဲ့ပါတယ်။ နလန်ပြန်ထူနိုင်ဖို့လည်း မျှော်လင့်ချက် မရှိလှပါဘူး။ သူ့ရောဂါ အခြေအနေ ပိုဆိုးဝါးတဲ့ အချိန်တွေမှာဆိုရင် ကျနော်သူ့ကို တစ်ညလုံး စောင့်ပေးရပါတယ်။ ကျနော့် လုပ်ခလစာ အများစုဟာလည်း ဆရာဝန်နဲ့ ဆေးဝါးတွေ အတွက်သာ ကုန်တာပါ။ 

ကျနော့် သားသမီးတွေကလည်း သူတို့ တတ်နိုင်သမျှတော့ ကူညီကြပါတယ်။ ဒါပေမယ့် တခါတရံမှာတော့ သူတို့ရဲ့ ပါးစပ်ထဲ ထည့်ရမယ့် အစားအစာကို ရှာနိုင်ဖို့ဟာ တော်တော်ခက်ခဲ ပါတယ်။ ကျနော် တစ်ယောက်ထဲ နေ့လယ်စာ စားလေ့ရှိတာဟာ ရယ်စရာ ကောင်းတယ်လို့ ခင်ဗျားတို့ ထင်ကောင်းထင်နိုင် ပါတယ်။ ဒါက ကျနော် နည်းနည်းလေး ရှက်လို့ ဖြစ်မယ်ထင်ပါတယ်။ အကြောင်းကတော့ ကျနော့် အသားညှပ်ပေါင်မုန့်မှာ ဘယ်တော့မှာ အသားပါလေ့မရှိပါဘူး။ ဒါမှမဟုတ် ဒီနေ့လိုမျိုးပေါ့။ ဒီနေ့လဲ ကျနော့် နေ့လယ်စာဘူးထဲမှာ မုန်လာဥဖြူပဲ ရှိတာပါ။ ဒါပေမယ့် အခုကျနော် ရရှိတဲ့ အသားဟာ ကျနော့်အတွက် တကယ့်ကို အဓိပ္ပာယ်ရှိတယ် ဆိုတာကို ခင်ဗျားတို့ကို သိစေချင်ပါတယ်။ ခင်ဗျားတို့ အားလုံးထက် ကျနော့်အတွက် ပိုပြီး အဓိပ္ပာယ် ရှိကောင်းရှိမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီညနေမှာ ကျနော့်သားသမီးတွေ ........ (သူ့လက်နဲ့ မျက်ရည်တွေကို သုတ်ပစ်ရင်း) ...... ဒီညနေမှာတော့ ကျနော့်သားသမီးတွေ တကယ့်ကို ကောင်းမွန်တဲ့ ညနေစာကို စားသုံးကြရမှာ ဖြစ်လို့ပါ။"

အဲဒီနောက်မှာတော့ အထုပ်ကိုချည်ထားတဲ့ ကြိုးတွေကို သူစဖြည်ပါတယ်။ ကျနော်တို့ဟာ Murray ကိုပဲ အာရုံစိုက်နေ ကြတော့ Mike နဲ့ Peter ကို သတိမပြုမိကြဘူး။ ဒါပေမယ့် အခုတော့ သတိပြုမိလာ ကြတော့တယ်။ အကြောင်းကတော့ သူတို့ နှစ်ယောက်စလုံးက အထုပ်ကိုဆွဲယူဖို့ ကြိုးစားနေကြလို့ပါ။ ဒါပေမယ့် သူတို့ တော်တော်လေး နောက်ကျ သွားပါပြီ။ Murray က အထုပ်ကိုဖွင့်ပြီး သူရတဲ့လက်ဆောင်ကို ကြည့်နေပြီလေ။ ခွာတွေ၊ နားရွက်တွေ ကို တစ်ခုချင်း သေသေချာချာ ကြည့်ပြီးနောက် အမြှီးကို မချီလာတယ်။ အမြှီးက လေထဲမှာ တွဲလောင်း လှုပ်ခါနေတယ်။ ဒါဟာ တကယ်ကို ရယ်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဘယ်သူမှမရယ်ကြဘူး။ တစ်ယောက်တစ်လေကမှ မဟားကြပါဘူး။

အဆိုးဆုံးကတော့ အခုမှ ရောက်လာတာပါ။ Murray ဟာ ခေါင်းမော့လာပြီး ပြုံးဖို့ကြိုးစားရင်း "ကျေးဇူးတင်ပါတယ်" လို့ပြောပါတယ်။ အားလုံး ငြိမ်သက်နေပါတယ်။ တစ်ယောက်ချင်း တိတ်တိတ်ဆိတ်ဆိတ်လေး ထကြပြီး Murray ထိုင်တဲ့နေရာကို သွားကာ သူတို့ရတဲ့ ဝေစုကို Murray ရှေ့မှာ သွားထားကြတယ်။ သူတို့အတွက် သူတို့ရရှိတဲ့ လက်ဆောင်ရဲ့ အဖိုးတန်မှုဟာ မာရေးနဲ့စာရင် အရမ်းနည်းနေတယ် ဆိုတာကို သူတို့ချက်ချင်းပဲ နားလည်ကြလို့ပါ။

အဲဒီနေရာမှာ ဖိုမင်က သူ့ပုံပြင်ကို အဆုံးသတ်လိုက်တယ်။ အခြားဘာမှ ထပ်မပြောတော့ဘူး။ ဒါပေမယ့် အဲဒီနေ့ နေ့လယ်စာ စားကြတဲ့အချိန်မှာ သူတို့ပါလာတဲ့ အစားအစာကို Bill အားမျှဝေပေးကြပြီး၊ တစ်ယောက်ကဆိုရင် သူ့ရှပ်အင်္ကျီကိုချွတ်ကာ Bill ကိုပေးလိုက်တာကို မြင်ရတော့ တကယ့်ကို စိတ်ချမ်းမြေ့ဖွယ်လေးပါ။

မူရင်းလင်ခ် - http://www.agiftofinspiration.com.au/index.shtml


No comments: