28 September, 2016

လျှို့ဝှက်ကုတ်ပါတဲ့ မွေးနေ့ကဒ်လေးများ



လျှို့ဝှက်ကုတ်ပါတဲ့ မွေးနေ့ကဒ်လေးများ



စာအိတ်ပေါ်မှာ မသပ်မရပ်လေးရှိနေတဲ့ လက်ရေးတွေကို ကျမကြည့်နေမိခဲ့တယ်။ မျက်စိအစုံကို တစ်ခါမှိတ်ပြီးတော့ တားဆီးမရတဲ့ မျက်ရည်တွေ ထွက်ကျမလာခင်လေးမှာ တစ်ခေါက်ထပ်ဖတ်လိုက်တယ်။ ကျမရဲ့မွေးနေ့ကဒ်မှာ ဖေဖေ့ လက်ရေးနှင့် လက်မှတ်ပါရှိပြီး သူကိုယ်တိုင်ပို့လာခဲ့လို့ပါ။

အဲဒီနှစ်မှာတော့ ကျမမွေးနေ့ကဒ်ရဖို့ကို တွေးလည်းမတွေး၊ မျှော်လည်းမမျှော်ခဲ့ပါ။ အရင်လတွေမှာ တစ်ဖြည်းဖြည်း ကျဆင်းလာနေတဲ့ မေမေ့ ကျန်းမာရေးကြောင့် ဆေးရုံမှာပဲ တုန်လှုပ်ဖွယ် အခြေအနေကို ကျမတို့ဖြတ်သန်းခဲ့ကြတယ်။ အသက်အရွယ် အိုမင်းနေပြီဖြစ်တဲ့ ဖေဖေလည်း စိတ်ထောင်းကိုယ်ကြေ ဖြစ်ခဲ့ရတယ်။ အထူးသဖြင့် မေမေဟာ သူမရဲ့ နောက်ဆုံးနေ့ရက်တွေကို ဘိုးဘွားရိပ်သာမှာ ဖြတ်သန်းရဖို့သာ ရှိတော့ကြောင်း သူကြားသိခဲ့ရတုန်းက ဆိုရင် စိတ်ထိခိုက်လွန်း ခဲ့ပါတယ်။ မေမေဟာ အိမ်ကိုဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်တဲ့အတွက် ဖေဖေဟာ အထီးကျန်မှုကို ဘ၀မှာ ပထမဆုံးအကြိမ် စတင်ခံစားခဲ့ရ ပါတော့တယ်။

သို့နှင့်တိုင် ကျမရဲ့လက်ထဲမှာ မွေးနေ့ကဒ်လေး ရောက်လာခဲ့တယ်။ ကျမရဲ့မိဘဆီကနေ ကျမအရမ်းရင်းနှီးတဲ့ မေမေ့လက်ရေး မပါပဲ ရရှိထားတဲ့ တစ်ခုတည်းသော မွေးနေ့ကဒ်ပါ။ မွေးနေ့ကဒ်ကို ဖွင့်ဖို့လိုတယ်လို့တောင် မထင်မိဘူး။ ဖေဖေ့ ကြိုးစားမှုတွေက ကျမသိသင့်သမျှထက် ပြည့်စုံသွားပြီလို့ ခံစားရလို့ပါ။ ကွဲကြေနိုင်တဲ့ တန်ဖိုးမဖြတ်နိုင်သောအရာ လိုပဲ မွေးနေ့ကဒ်ကို ဂရုတစိုက်လေး ကိုင်ထားရင်း ကျမရဲ့ မျက်ရည်တွေ တသွင်သွင် စီးဆင်းလာခဲ့တယ်။ ကျမရဲ့ မျက်ရည်တစ်ချို့ဟာ ကျမအမြဲတမ်း မြတ်နိုးစွာ ထိန်းသိမ်းထားတော့မယ့် မွေးနေ့ကဒ်အတွက်ဖြစ်ပြီး၊ တစ်ချို့ကတော့ ကျမ ချစ်ရတဲ့သူတွေရဲ့ ဘ၀မှာ ကျရောက်လာတဲ့ ၀မ်းနည်းဖွယ်ရာ ပြောင်းလဲမှုများအတွက် ဖြစ်ပါတယ်။

ဒါပေမယ့် ကဒ်ကို ကျမဖွင့်လိုက်တဲ့အခါမှာ ဆုတောင်းချက်လေးက နှစ်သက်စရာ အလွန်ကောင်းပြီး အဲဒီအချက်လေးကိုရွေးဖို့ တော်တော်လေး စဉ်းစားထားတယ်ဆိုတာလည်း ကျမသိနေတယ်။ "မေမေနဲ့ဖေဖေ" လို့ရေးထားပေမယ့် ကျမမိဘနှစ်ပါးရဲ့ နာမည်တွေကို ဖေဖေ့လက်ရေးနဲ့ ရေးထားတာ အရင်တုန်းက မမြင်ဖူးဘူး။ ဒီတစ်ကြိမ်ဟာ ပထမဆုံးပါပဲ။ အဲဒီအချက်က ရောက်ရှိလာတော့မယ့် အမှောင်နေ့ရက်များကို ပြန်လည် သတိပြုမိစေတဲ့ အရာလည်း ဖြစ်နေပြန်ပါတယ်။ မေမေဟာ ကျမတို့နဲ့အတူ အကြာကြီးနေရတော့မှာ မဟုတ်ဘူးဆိုကို တာပေါ့။

အခုတော့ ခြောက်နှစ်ကြာခဲ့ပြီ။ ဖေဖေလည်း လျင်လျင်မြန်မြန်ပဲ အသက် ၉၀ ပြည့်လာခဲ့တယ်။ ဒါပေမယ့် ဒီနေ့မှာ ဖေဖေ့ဆီက မွေးနေ့ကဒ်လေး ရောက်လာလို့ ကျမပြုံးရွှင်နေတယ်။ မွေးနေ့ကဒ်တွေဟာ ကျမရဲ့ မွေးနေ့မရောက်ခင် ရက်များစွာ အလိုမှာပဲ ရောက်လာလေ့ရှိတယ်။ အထဲမှာပါတဲ့ ဆုတောင်းပေးချက်တွေဟာလည်း ဖေဖေက တော်တော်လေးကို ဦးနှောက်သုံးပြီး စဉ်းစားတာတယ်ဆိုတာ အမြဲတမ်းပေါ်လွင်နေတယ်။ ကဒ်ပို့ရတဲ့အလုပ်ဟာ ဖေဖေ့တာဝန် ဖြစ်လာခဲ့တဲ့အချိန်က စပြီးတော့ပေါ့။ ကဒ်ရဲ့အောက်ဆုံးမှာတော့ မှတ်ချက်လေးအဖြစ်နဲ့ အခုအချိန်မှာ မနှစ်မြို့စရာ တစ်စုံတရာအနေနဲ့ ကျော်ကြားတဲ့ လျှို့ဝှက်ကုတ်ကို ရေးထားပါတယ်။ ဗျည်းအက္ခရာ အကြီးတွေနဲ့ လျှို့ဝှက်ကုတ်ကို ရေးသားထားပြီး မွေးနေ့ ဆုတောင်းစာကို အဆုံးသတ်ထားပါတယ်။

ဥပမာ - H. O. A. Y. T. Y စသဖြင့်ပေါ့။

မွေးနေ့ကဒ်အတွက် ကျေးဇူးတင်ကြောင်း ကျမဖုန်းဆက်တဲ့အချိန်မှာ အဲဒီလျှို့ဝှက်ကုတ်ရဲ့ အဖြေကိုကျမ မေးမြန်း ခဲ့တယ်လို့ သင်ခန့်မှန်းထားမယ်ဆိုတာ ကျမလောင်းကြေး ထပ်ရဲတယ်။ 

* * * * * * * * * *

မေမေဆုံးပြီးနောက် တစ်နှစ် နွေရာသီမှာ အားလပ်ရက်ကို ထပ်မံဆွဲဆန့်ပြီး ဖေဖေ့ဆီကို ကျမသွားရောက်ခဲ့တယ်။ တစ်မနက်မှာတော့ ကော်ဖီအိုးကိုကိုင်ကာ အားရပါးရသမ်းရင်း ကော်ဖီတစ်ခွက် ငှဲ့ပြီးတော့ တိတ်ဆိတ်တဲ့ မီးဖိုချောင်မှာ ထိုင်နေတဲ့ ဖေဖေ့ဘေးမှာ ကျမသွားထိုင်တယ်။ ဖေဖေကတော့ ကျမတို့မိသားစုရဲ့ မိတ်ဆွေဟောာင်း တစ်ယောက်ကို ပို့မယ့် ကဒ်တစ်ခုမှာ လိပ်စာတွေရေးနေတယ်။

"ဖေဖေ၊ မွေးနေ့နဲ့ နှစ်ပတ်လည်နေ့ အားလုံးကို ဖေဖေဘယ်လို သိနိုင်တာလဲ။ ပြီးတော့ဖေဖေပို့တဲ့ ကဒ်တွေက နောက်ကျတယ်ဆိုတာ မရှိဘူး။ ဖေဖေက အလုပ်ကို ကောင်းကောင်း လုပ်တယ်နော်။"

အဲဒီလိုမေးတော့ ဖေဖေကကျမကို သူ့မျက်လုံးပြာကြီးတွေနဲ့ ကြည့်နေတယ်။ ရူးသွားပြီလား ဆိုတဲ့အကြည့်နဲ့ပေါ့။  

"ဒါက ရိုးရိုးရှင်းရှင်းလေးပါ။ လတစ်ခုရဲ့ ပထမဆုံးနေ့ရက်မှာ ဖေဖေ့ ပြက္ခဒိန်ကို ကြည့်ပြီး အဲဒီလမှာ ပို့ရမယ့် ကဒ်အမျိုးအစား အားလုံးကို ရေးမှတ်လိုက်တယ်။ ပြီးတော့ ဖေဖေ ဈေးဝယ်ထွက်တဲ့ အချိန်မှာ လိုအပ်သမျှကဒ်ကို ၀ယ်ပြီး၊ အံဆွဲထဲက ဖိုင်ထဲမှာ အစဉ်လိုက်လေး ထားလိုက်တာပဲလေ။"

ကျမဖေဖေ့ ပြက္ခဒိန်ကို ယူပြီးကြည့်တယ်။ ပြီးတော့ ဖိုင်တွေထားတဲ့ အံဆွဲကိုလည်း ကြည့်တယ်။ အမှန်ပါပဲ။ ကဒ်တွေအားလုံး အမှားအယွင်းမရှိ အစဉ်လိုက် ရှိနေကြတယ်။ လတစ်လရဲ့ ပထမဆုံးနေ့ရက်ကနေ နောက်ဆုံးနေ့ အထိပေါ့။

"အင်း၊ တကယ့်ကို စနစ်ကျလွန်းတာပဲ" လို့ကျမအံ့သြတကြီးရေရွတ်လိုက်တယ်။ ပြီးတော့ "သမီးလည်း ဖေဖေ့လိုပဲ လုပ်ရင်ကောင်းမယ်" လို့ကျမ ကျီစယ်လိုက်တယ်။

ဖေဖေကတော့ "သမီးရဲ့မေမေ ဆုံးသွားပြီးကတည်းက ဖေဖေသိရမယ့်အရာ တစုံတရာ ရှိလာခဲ့တယ်။ တစ်နှစ်မှာ ကျနော်တို့ ကဒ်ဘယ်နှစ်ကဒ် ပို့ခဲ့တယ်ဆိုတာ ဖေဖေမသိဘူး" လို့သာပြန်ဖြေခဲ့တယ်။

ဖေဖေ့ လျှို့ဝှက်ကုတ်ရဲ့ အဓိပ္ပာယ်ကို ကျမဘယ်တော့မှ မမေးပါဘူး။ စိတ်ထိခိုက် ၀မ်းနည်းစရာ အချိန်တွေမှာ ပညာသားပါပါ တွေးတောကြံဆထားတဲ့ အရာတွေဖြစ်နေတာ ကျမသိနေလို့ပါ။ ဖေဖေဟာ ပညာရှိပီပီ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ကျမတို့ရဲ့ဘ၀ဟာ ရှေ့ဆက်နေတယ် ဆိုတာနဲ့ ရယ်ရွှင်ဖွယ်ရာ ဟာသပဟေဠိလေး တစ်ခုဟာ ကျမတို့ရဲ့ ၀န်ထုပ်ဝန်ပိုးကို အမြဲတမ်းပဲ ပေါ့ပါးစေနိုင်အကြောင်း သိရှိထားသူဖြစ်လို့ အဲဒီလျှို့ဝှက်ကုတ်လေးတွေ ဟာလည်း လျှို့ဝှက်ကုတ်အဖြစ်နဲ့ပဲ ဆက်လက်ရှိနေကြပါတယ်။

မှတ်ချက် - ဥပမာနေနဲ့သုံးထားတဲ့ Code = H. O. A. Y. T. Y  ရဲ့အဓိပ္ပာယ်က How Old Are You This Year ဖြစ်ပါတယ်။

#Kathleene S. Baker ၏ Birthday Cards with Secret Codes ကိုဆီလျော်အောင်ပြန်ဆိုခြင်းဖြစ်သည်။

No comments: