11 November, 2016

ဝက်ဝံကြီးနှင့်မျောက်ကလေး

ချင်း (ဖလမ်း) ရိုးရာပုံပြင်

ဝက်ဝံကြီးနှင့်မျောက်ကလေး

လွန်လေပြီးသောအခါ တစ်နှစ်သည် နွေရာသီရှည်ကြာလွန်းပြီး ပူအိုက်လွန်းသောကြောင့် စိမ့်စမ်းရေနှင့် ချောင်းငယ်များ အားလုံး ခမ်းခြောက်ကုန်၏။ တောနေ တိရစ္ဆာန်များသည်လည်း စိတ်ပင်ပန်းစွာဖြင့် ရေရှာထွက်ကြလေသည်။ သို့သော်လည်း ရေငတ်ပြေအောင်သောက်လို့ရသည့် နေရာနည်းလွန်းလှသည်။ ထို့ကြောင့် အကြံကောင်းသော ဝက်ဝံကြီးသည် စိမ့်မြေတစ်နေရာမှာ သူ့အတွက် စမ်းရေတွင်း တစ်တွင်းတူးကာ နေ့အချိန်တွင် မျောက်ကလေးကို အစောင့်အဖြင့် ခိုင်းစေလေ၏။ ဝက်ဝံကြီးကတော့ နေ့စဉ်နေ့တိုင်း တောင်ယာသို့ သွားလေသည်။

တစ်နေ့မှာတော့ တောဝက်ကြီးတစ်ကောင်သည် ရေရှာမတွေ့နိုင်သဖြင့် စိတ်ဆင်းရဲစွာ နေရာအနှံ့သို့ လှည့်လည် သွားလာနေ၏။ နောက်ဆုံးတွင် မျောက်ငယ်လေး စောင့်နေသည့် စမ်းရေတွင်းသို့ ရောက်လာလေသည်။ စမ်းရေတွင်းထဲမှာ ရေများစွာရှိသည်ကို တွေ့သောအခါ "ရေငတ်ပြေအောင် ရေသောက်ရတော့မည်" ဟု ကြိမ်းဝါးကာ ရေကိုသောက်ရန် ဟန်ပြင်လေ၏။

ထိုအခါ မျောက်ကလေးက "တောဝက်ကြီးခင်ဗျား၊ ဒီစမ်းရေတွင်းက ဘိုးဘိုး ဝက်ဝံကြီး တူးထားတဲ့ စမ်းရေတွင်းပါ၊ မသောက်ပါနဲ့ခင်ဗျား" ဟု တားမြစ်လေသည်။ သို့သော်လည်း တောဝက်ကြီးက "ရေငတ်လို့သေတော့မယ့် အချိန်မှာ ဘယ်ဝက်ဝံ၊ ဘာဝက်ဝံမှ ဂရုမစိုက်နိုင်ဘူး" ဟုဆိုပြီး ငတ်မွတ်စွာဖြင့် ရေကိုသောက်လေသည်။ တောဝက်ကြီး ရေငတ်ပြေသည့်အချိန်မှာတော့ ရှိသမျှရေလည်း ကုန်သွားလေ၏။

ညနေခင်းရောက်လာသောအခါ ဝက်ဝံကြီးသည် ပင်ပန်းစွာဖြင့် တောင်ယာမှ ပြန်လာလေ၏။ အစာလည်းဆာ ရေလည်း ငတ်လွန်းလှသဖြင့် အိမ်ရောက်လျှင် ရေကိုတဝကြီး သောက်မည်ဟု ကြံရွယ်ခဲ့လေသည်။ သို့သော် သူ့စမ်းရေတွင်းတွင် ရေတစ်စက်မှ မရှိတော့ပေ။ ထို့ကြောင့် မျောက်ကလေးအား "ငါ့စမ်းရေဘယ်မှာလဲ" ဟုမေးသည့်အခါ မျောက်ကလေးက "တောဝက်ကြီး ရောက်လာပြီး အကုန်လုံးသောက်သွားပါတယ်။ ဘိုးဘိုးဝက်ဝံရဲ့ ရေတွင်းဖြစ်ကြောင်း ရှင်းပြပေမယ့် ဘယ်ဝက်ဝံ၊ ဘာဝက်ဝံမှာ ဂရုမစိုက်နိုင်ဘူးဟု ပြောပါတယ်" ဟုပြန်ရှင်းပြလေသည်။

ထိုအခါဝက်ဝံကြီးသည် အင်မတန်စိတ်ဆိုးသွားပြီး မျောက်ကလေးအား "တောဝက်ကြီးကို သွားခေါ်စမ်း" ဟု ခိုင်းလေသည်။ မျောက်ငယ်လေးကလည်း တောဝက်ကြီးကို သွားခေါ်လေ၏။ တောဝက်ကြီး ရောက်လာသောအခါ ဝက်ဝံကြီးက "ဘာဖြစ်လို့ ငါ့ရေတွေကို အကုန်သောက်ခဲ့တာလဲ" ဟုအပြစ်တင်ရင်း တစ်ဟုန်ထိုး တိုက်ခိုက်၏။ သို့ဖြင့် ပြင်းထန်သည့် ရင်ဆိုင်တိုက်ခိုက်ပွဲကြီး စတင်လေတော့သည်။

မျောက်ကလေးကတော့ သစ်ပင်ပေါ်ကနေ တစ်ဖက်ကို ခုန်ကူးလိုက်၊ အပေါ်ကိုတက်သွားလိုက်၊ အောက်ဘက်ကို ပြန်ဆင်းလာလိုက်ဖြင့် ရန်ပွဲကြီးကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေလေ၏။ သူ့ဘိုးဘိုးဝက်ဝံနှင့် တောဝက်ကြီးတို့၏ ရင်ဆိုင်တိုက်ခိုက်ပွဲကို ကြည့်ရသည်မှာ တစ်ဖက်တွင် ခြောက်ခြားစရာ ကောင်းသော်လည်း တစ်ဖက်မှာတော့ ကြည့်လို့ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်နေပြန်သဖြင့် စိတ်လှုပ်ရှားစွာဖြင့် ဟိုဖက်ဒီဖက်သို့ ခုန်ကူးကာ ပွဲကြည့်ပရိသတ် ဖြစ်နေလေသည်။

ဝက်ဝံကြီးနှင့် တောဝက်ကြီးတို့သည် တိုက်ခိုက်ကြသည့်အချိန် ကြာလာသည်နှင့်အမျှ အားအင်တွေ ကုန်ခမ်း လာခဲ့ကြလေသည်။ တစ်ဖက်နှင့်တစ်ဖက် ဘယ်သူကမှ အနိုင်မယူနိုင်ကြပေ။ နောက်ဆုံးမှာတော့ အမောဆို့ကာ သေဆုံးကြလေ၏။ ထိုအခါ မျောက်ကလေးက ဝက်ဝံကြီးနှင့် တောဝက်ကြီးတို့၏ ညို့သကျည်းရိုးကိုယူပြီး ပလွေအဖြစ် အသုံးပြုကာ အောက်ပါအတိုင်း သီချင်းဆိုလေ့ရှိ၏။

ဘယ်သူ့အရိုးသံ ပိုကျယ်သလဲ
ဘိုးဘိုးဝက်ဝံ၊ ဘိုးဘိုးတောဝက်
အရိုးသံပိုကျယ်သလဲ

ထိုသို့ဖြင့် နေ့စဉ်နေ့တိုင်း ပလွေမှုတ်ကာ သီချင်းဆိုရင်း သူ့ဘိုးဘိုးဝက်ဝံ၏ စမ်းရေတွင်းကို ပိုင်ဆိုင်စောင့်ရှောက်ခဲ့ လေသည်။

မျောက်ကလေး၏ သီချင်းသံကို တောနေတိရစ္ဆာန်များက ကြားကြသည့်အခါ သာယာနာပျော်ဖွယ် ကောင်းလွန်းသည်ကို သိရှိကြလေ၏။ ထို့ကြောင့် မျောက်ကလေးထံသို့သွားကာ သူ့ပလွေကို တောင်းကြ၏။ သို့သော်လည်း မျောက်ကလေးက မပေးချင်ပေ။ တိရစ္ဆာန်များက အကြံအမျိုးမျိုးထုတ်ကာ တောင်းကြသော်လည်း မရပါ။ ထိုက်တန်သည့် အဖိုးအခပေးပါမည်ဟု တောင်းကြသည့်တိုင် မျောက်ကလေးက "ဒီပလွေဟာ ဘိုးဘိုးဝက်ဝံနှင့် ဘိုးဘိုးတောဝက်တို့ ချန်ထားပေးတဲ့ အမွေဖြစ်လို့ ဘယ်လိုနည်းနဲ့မှ နင်တို့ကို မပေးနိုင်ဘူး" ဟုသာ တတွင်တွင်ငြင်းဆန်လေသည်။

တစ်နေ့မှာတော့ တိရစ္ဆာန်များသည် မျောက်ကလေးထံသို့ အလည်လာကြပြန်၏။ မျောက်ကလေး ကြိုက်တတ်သည့် အစားအစာများစွာကိုလည်း ယူလာကြလေသည်။ သူတို့ယူလာသည့် အစားအစာများကို မျောက်ကလေးအား အကုန်ကျွေး ကြလေ၏။ စားသောက်ပြီးနောက် ဗိုက်ပြည့်လွန်းသည့် မျောက်ကလေးသည် တစ်ခေါခေါ အိပ်ပျော်သွားလေသည်။ ထိုအခါ တိရစ္ဆာန်များသည် မျောက်ကလေး၏ မျက်လုံးနှစ်လုံးအား ကောက်ညှင်းဆန်များကပ်ကာ ဖွင့်လို့မရအောင် ပိတ်ထားကြလေ၏။ ထို့နောက် မျောက်ကလေး၏ ပလွေကိုယူကာ အဝေးသို့ ထွက်ပြေးကြလေသည်။

မျောက်ကလေး အိပ်ရာမှ နိုးလာသောအခါ ဘာအသံမှ မကြားတော့ပါ။ သူ့ပလွေကိုရှာဖို့ မျက်လုံးဖွင့်ရန် ကြိုးစားသော်လည်း ဘာကိုမှ မမြင်နိုင်တော့ပေ။ ဒုက္ခတွင်းထဲသို့ သူကျရောက်သွားခဲ့လေပြီ။ တိရစ္ဆာန်များက သူ့အားလိမ်ညာကာ သူ့ပလွေကို ယူသွားကြကြောင်း သူမှန်းဆသိလိုက်ပါပြီ။ သို့သော်လည်း သူဘာမှမတတ်နိုင်တော့ပါ။ မျက်လုံးဖွင့်နိုင်ဖို့ လက်ဖြင့်အကြိမ်ကြိမ်ပွတ်သော်လည်း ပို၍သာ ပိတ်သွားလေသည်။

ထိုအချိန်တွင် သူ့အိမ်အထက်ဘက်မှ ငုံးငှက်တစ်ကောင်သည် "အွမ်း...အွမ်း...အွမ်း" ဟုအော်မြည်နေ၏။ ထိုအခါ မျောက်ကလေးက "ဒုက္ခရောက်ရတဲ့ အထဲမှာ အိမ်အထက်ဘက်က လာအော်နေတာ ဘယ်သူလဲဟေ့" ဟု အော်မေးလေ၏။ သို့သော်လည်း ငုံးငှက်က "မင်းကို ကူညီဖို့ရောက်လာတာ၊ မကူညီစေချင်ရင်လဲ ပြန်သွားမှာပေါ့" ဆိုကာ ပြန်သွားဖို့ ဟန်ပြင်လေသည်။ သူ့ကို ကူညီဖို့ ရောက်လာသည့်အကြောင်း ကြားသိသည့်အခါ မျောက်ကလေးက ဝမ်းသာစွာဖြင့် "ကျွန်တော့်မျက်စိ နှစ်ဖက်စလုံး ပိတ်နေတယ် မိတ်ဆွေငုံးငှက်ရယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါ" ဟု အကူအညီ ပြန်တောင်းလေသည်။

ထို့ကြောင့်ငုံးငှက်သည် မျောက်ကလေး၏ အိမ်ထဲသို့ဝင်ကာ မျောက်ကလေးကို ကြည့်ရှုလေ၏။ မျောက်ကလေးက သူ့မျက်စိကို တိရစ္ဆာန်များက ကောက်ညှင်းဆန်ဖြင့် ပိတ်သွားကြသည့်အကြောင်း၊ သူ့ပလွေကိုလည်း ခိုးယူကြကြောင်း ရှင်းပြကာ အကူအညီ တောင်းခံလေသည်။ ထို့ကြောင့် ငုံးငှက်က အောက်ပါ သီချင်းကိုဆိုရင်း မျောက်ကလေး၏ မျက်စိကို ပိတ်ထားသည့် ကောက်ညှင်းဆန်များအား ထိုးဆိတ်စားသောက်လေသည်။

ထိုးဆိတ်မယ်
ထိုးဆိတ်မယ်
ပြောင်းဖူးအတင်းလိုက်တောင် ထိုးဆိတ်နိုင်တယ်
သီးနှံအတောင်းလိုက်တောင် ထိုးဆိတ်နိုင်တယ်
ထိုးဆိတ်မယ်

သီချင်းတစ်ခေါက် ဆုံးသွားသည့်အခါ မျောက်ကလေး၏ မျက်လုံးတစ်ဖက်ဖွင့်လို့ ရသွား၏။ သို့ဖြင့် သီချင်းကို တစ်ခေါက်သီဆိုရင်း ထပ်ထိုးဆိတ်ပေးသောအခါ မျက်စိတစ်ဖက်လည်း ဖွင့်လို့ရသွားလေသည်။ မျက်စိပြန်မြင်ရပြီးနောက် မျောက်ကလေးသည် သူ့ပလွေကို နေရာအနှံ့ရှာပါသော်လည်း ရှာမတွေ့တော့ပါ။ သူ့မှန်းဆချက်မှန်ကန်သွားခဲ့ပြီ။ 

တိရစ္ဆာန်များသည် မျောက်ကလေး၏ ပလွေကိုမှုတ်ကာ နေ့စဉ်နေ့တိုင်း သီချင်းဆိုကြလေ၏။ မျောက်ကလေးကတော့ သူ့ပလွေ ပြန်ရနိုင်မည့်နည်းလမ်းကို နေ့စဉ်ရက်ဆက် စဉ်းစားသော်လည်း အကြံမထုတ်နိုင်ခဲ့ပါ။ တိရစ္ဆာန်များက သူ့ပလွေကိုမှုတ်ကာ သီချင်းဆိုသည့်အသံကို နေ့တိုင်းကြားနေရသဖြင့် ပိုပြီး စိတ်ဆင်းရဲရလေသည်။

နောက်ဆုံးတွင် မျောက်ကလေးသည် ငုံးငှက်ထံသို့သွားကာ အကူအညီ တောင်းလေ၏။ ငုံးငှက်ကလည်း ကူညီပေးမည့်အကြောင်း ပြောကာ တိရစ္ဆာန်များထံသို့ သွားလေသည်။ တိရစ္ဆာန်များထံသို့ ရောက်သည့်အခါ ငုံးငှက်က ပလွေကိုခဏမျှမှုတ်ခွင့်ပေးရန် တောင်းဆိုသော်လည်း "ပလွေကိုယူပြီး မင်းထွက်ပြေးလိမ့်မည်" ဟုဆိုကာ မှုတ်ခွင့် မပေးခဲ့ကြပေ။ သို့သော်လည်း ငုံးငှက်က "အိမ်ရှေ့ကွက်လပ်မှာ ကျွန်တော့်ကို အားလုံးဝိုင်းထားကြပါ။ အလယ်မှာနေပြီး ပလွေကို မှုတ်ပါမည်" ဟုတောင်းဆိုပြန်၏။ ထိုအခါ တိရစ္ဆာန်များကလည်း မထွက်ပြေးနိုင်လောက်ဘူးဟု ယူဆကာ ခွင့်ပြုကြလေသည်။

ငုံးငှက်သည် အိမ်ရှေ့ကွက်လပ်တွင် ပလွေကိုမှုတ်ကာ အောက်ပါအတိုင်း သီချင်းဆိုရင်း ကနေလေ၏။ 

ဘယ်သူ့အရိုးသံ ပိုကျယ်သလဲ
ဘိုးဘိုးဝက်ဝံ၊ ဘိုးဘိုးတောဝက်
အရိုးသံပိုကျယ်သလဲ
တူတူ ဝူးဝူး

တိရစ္ဆာန်များသည်လည်း သာယာနာပျော်ဖွယ် ကောင်းသည့် သူ့ပလွေသံထဲမှာ စီးမျောကြလေ၏။ သို့သော်လည်း ငုံးငှက်က ပလွေကိုယူကာ ထွက်မပြေးနိုင်ရန် စောင့်ကြည့်နေကြသဖြင့် ငုံးငှက်သည် ထွက်မပြေးနိုင်ပေ။

နောက်ဆုံးတွင် ငုံးငှက်က "ခုံတန်းပေါ်မှာ ရပ်ပြီးမှုတ်ခွင့်ပေးကြပါ။ အိမ်ရှေ့ကွက်လပ်ကနေတော့ ပလွေသံဟာ အဝေးကြီး မရောက်နိုင်ဘူး၊ ပလွေသံကို သူများကလည်း ကြားကြပါစေ" ဟုတောင်းဆို၏။ သို့သော်လည်း တိရစ္ဆာန်များက "ပလွေကိုယူပြီး မင်းပျံထွက်သွားလိမ့်မည်" ဟုဆိုကာ ခွင့်မပြုကြပေ။ ငုံးငှက်ကလည်း "ကျနော် ပျံထွက်သွားမှာကို စိုးရိမ်ကြရင် ကျနော့်အမြှီးကို ကိုင်ထားကြပါ၊ ဒီလိုဆိုရင် ပျံထွက်သွားလို့ မရဘူးပေါ့" ဟုပြန်ရှင်းပြ၏။

ထို့ကြောင့် တိရစ္ဆာန်များက ငုံးငှက်၏ အမြှီးကိုကိုင်ထားကြပြီး ငုံးငှက်သည် ခုံတန်းပေါ်မှာကရင်း ပလွေကိုမှုတ်ကာ သီချင်းဆိုပြန်၏။ ထိုသို့ သီချင်းဆိုနေရင်း ရှိသမျှအင်အားကိုသုံးကို ရုတ်တရက် ပျံထွက်သွားလေသည်။ တိရစ္ဆာန်များက ငုံးငှက်အမြှီးကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြသဖြင့် ငုံးငှက်၏ အမြှီးကျွတ်ထွက်သွား၏။ ထို့ကြောင့် ယနေ့အချိန်ထိ ငုံးငှက်၏ အမြှီးသည် တိုတိုတုတ်တုတ်သာ ရှိနေခြင်းဖြစ်သည်။

မျောက်ကလေးသည် သူ့ပလွေလေး ဘယ်အချိန် ပြန်ရောက်လာမလဲဟု စောင့်မျှော်ရင်း ငုံးငှက်ပြန်ရောက်လာမည့် အချိန်ကို စောင့်နေ၏။ အချိန်တန်သောအခါ ငုံးငှက်လည်း ပြန်ရောက်လာခဲ့ပြီး ပလွေကို သူ့မိတ်ဆွေ မျောက်ကလေးထံသို့ ပေး၏။ မျောက်ကလေးသည် ပလွေလေး ပြန်ရသဖြင့် ပျော်မဆုံးဖြစ်နေလေသည်။

ထိုအချိန်မှစ၍ မျောက်ကလေးသည် ဘာကိုမှ မတောင့်တတော့ပဲ နေ့စဉ်နေ့တိုင်း ပလွေမှုတ်ကာ သီချင်းဆို လေတော့သည်။

ဘယ်သူ့အရိုးသံ ပိုကျယ်သလဲ
ဘိုးဘိုးဝက်ဝံ၊ ဘိုးဘိုးတောဝက်
အရိုးသံပိုကျယ်သလဲ
တူတူ ဝူးဝူး

.........ပြီးပါပြီ...........


No comments: