အနိုင်မခံ
သခင်အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) ဘာသာပြန်ထားပြီး ယနေ့ထိတိုင် မြန်မာစာပေလောကထဲက ထင်းရှားတဲ့ ကဗျာဘာသာပြန်လက်ရာ ဖြစ်နေဆဲဖြစ်တဲ့ "အနိုင်မခံ" ကဗျာရဲ့မူရင်းကဗျာဟာ ဝိတိုရိယဘုရင်မခေတ်က ကဗျာဆရာ William Ernest Henley (1849 – 1903) ရေးဖွဲ့ထားတဲ့ "Invictus" ကဗျာဖြစ်ပါတယ်။ မူရင်းကဗျာဆရာ Henley က ဒီကဗျာကို ၁၈၇၅ ခုနှစ်မှာ ရေးစပ်ခဲ့ပြီး ၁၈၈၈ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
ဒီကဗျာပါဝင်တဲ့ မူရင်းစာအုပ် Book of Verses မှာတော့ ဒီကဗျာမှာ ခေါင်းစဉ်မရှိခဲ့ပါ။ မူရင်းကဗျာစာအုပ်ရဲ့ "Life and Death (Echoes)" ရှင်သန်ခြင်းနဲ့မရဏ (ပဲ့တင်သံများ) ဆိုတဲ့အခန်းမှာ တစ်ပုဒ်အနေနဲ့ပါဝင်ခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ကဗျာရဲ့ ခေါင်းစဉ် "Invictus" ဟာ နောက်ပိုင်းမှာ ထည့်ထားတာဖြစ်ပါတယ်။ Oxford Book of English Verse မှာ ဒီကဗျာကို ထည့်သွင်းတဲ့အချိန်မှာ အယ်ဒီတာ Arthur Quiller-Couch က ဒီခေါင်းစဉ်ကို ထည့်ပေးထားတာဖြစ်ပါတယ်။
လက်တင်စကားလုံးဖြစ်တဲ့ "Invictus" ဆိုတာ "အနိုင်ယူလို့မရသော"၊ "ချေမှုန်းလို့မရသော" လို့ဆိုလိုပါတယ်။ ကဗျာရဲ့ အကြာင်းအရာနဲ့ ဒီခေါင်းစဉ်က ကိုက်ညီနေတော့ နောက်ပိုင်းမှာ ဒီခေါင်းစဉ်နဲ့ ဒီကဗျာကို တွဲမှတ်လာကြပါတယ်။
ဒီကဗျာက ကံဆိုးမိုးမှောင်ကျခြင်းတွေကို ကြုံတွေ့ရသည့်တိုင် ကြံ့ကြံ့ခံနိုင်တဲ့ ရဲစွမ်းသတ္တိကို ဖော်ကျူးထားပြီး သူ့ခေတ်သူ့အချိန်ဖြစ်တဲ့ ဝိတိုရိယခေတ်က လူသားများရဲ့ သတ္တိနဲ့ဇွဲလုံ့လတွေကို နှိုးဆွပေးနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ ကဗျာဆိုတာ အချိန်ကာလနဲ့ လူမှုရေး၊ နိုင်ငံရေးပြောင်းလဲမှုများစွာကို ကျော်ဖြတ်နိုင်တဲ့ အနုပညာဖြစ်တဲ့အတိုင်းပဲ ယနေ့ထိတိုင် အားမာန်အပြည့်ရှိနေဆဲဆိုတာကိုလဲ တွေ့ရမှာပါ။
ဒီကဗျာဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ဟာလဲ ကြေကွဲဖွယ်ရာဖြစ်နေပါတယ်။ ၁၈၇၅ ခုနှစ်မှာ တီဘီရောဂါ အပါအဝင် ရောဂါ အမျိုးမျိုးကြောင့် Henley ရဲ့ခြေထောက်တစ်ဖက်ဟာ ဖြတ်တောက်ဖို့ အခြေအနေ ဖြစ်လာပါတယ်။ ခြေထောက်တစ်ဖက်ကို ဖြတ်ပြီးပြီးချင်းမှာပဲ အခြားတစ်ဖက်ကိုလဲ ဖြတ်ပစ်ရမယ့် အခြေအနေ ဖန်လာပြန်ပါတယ်။ ဒါပေမယ့် Henley က ခြေထောက်ကို မဖြတ်တောက်ပဲ ကျွမ်းကျင်တဲ့ ခွဲစိပ်ဆရာဝန် Joseph Lister ကိုအားကိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ သူ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပြီး Joseph Lister က Henley ရဲ့ ခြေထောက် တစ်ဖက်ကို ကယ်လိုက်နိုင်ပါတယ်။
Henley က ဆေးရုံမှာ နာလန်ထနေတုန်း ဒီကဗျာကို ရေးခဲ့တာဖြစ်ပါတယ်။ ခြေထောက်ဖြတ်တောက်ရတဲ့ အတွေ့အကြုံ၊ ဆင်းရဲနုံချာတဲ့ သူ့ငယ်ဘဝတွေဟာ ဒီကဗျာကို အဓိက အသက်သွင်းပေးတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ ဝိတိုရိယခေတ်မှာ ယောက်ျားကောင်းတစ်ဦး ထားရှိသင့်တဲ့ စိတ်ဓာတ်လို့ ယုံကြည်နေကြတဲ့ ခံယူချက် (Stoicism) ကို ဖော်ထုတ်နိုင်လို့ ဒီကဗျာဟာ ခေတ်တစ်ခေတ်ရဲ့ မှတ်ကျောက်လဲ ဖြစ်လာခဲ့ပါတယ်။
"Invictus"
Out of the night that covers me,
Black as the pit from pole to pole
I thank whatever gods may be
For my unconquerable soul.
In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeoning of chance
My head is bloody, but unbowed.
Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid.
It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
"အနိုင်မခံ"
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏
ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။
သခင် အောင်ဆန်း (၁၉၁၅-၁၉၄၇)
(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆)
ဒီကဗျာဟာ alternate rhyme (abab) နဲ့ရေးထားပြီး quatrain (ကာရန်ရှိတဲ့ လေးလိုင်းတစ်ပိုဒ်) လေးပိုဒ်ရှိတဲ့ ကဗျာဖြစ်ပါတယ်။ "....pit from pole to pole", ".....bloody, but unbowed", စတာတွေဟာ လှပတဲ့ alliteration တွေဖြစ်ပါတယ်။ Bloody, but unbowed ဆိုရင် အသံသာမက အနက်ပါ နက်ရှုင်းတဲ့ စကားလုံး ရွေးချယ်မှုဖြစ်ကြောင်းကို တွေ့ရမှာပါ။ ကဗျာရဲ့ အလှမှာ အကြောင်းအရာကို ကျစ်ကျစ်လစ်လစ် ရေးဖွဲ့နိုင်မှုနဲ့ အသံအစီးအဆင်း ပညာသားပါမှု တွေကိုလဲ တွေ့ရမှာပါ။
Henly ရဲ့ စာပေဆိုင်ရာကျော်ကြားမှုဟာ ဒီကဗျာ တစ်ပုဒ်ထဲကြောင့်လို့ ဆိုရမလိုဖြစ်နေပါတယ်။ သူဟာ အခြား ကဗျာများကို ရေးဖွဲ့ခဲ့ပေမယ့် ဒီကဗျာတစ်ပုဒ်ပဲ ဂန္တဝင်လက်ရာအဖြစ် အသိအမှတ်ပြုခံခဲ့တာဖြစ်ပါတယ်။
ဒီလိုဖြစ်အောင်လဲ ဒီကဗျာရဲ့ လွှမ်းမိုးနိုင်စွမ်းဟာ ကြီးကျယ်ခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Winston Churchill က ၁၉၄၁ ခုနSစ် စက်တင်ဘာလ ၉ ရက်နေ့မှာ အောက်လွှတ်တော်ကို ပြောကြားတဲ့မိန့်ခွန်းမှာ ဒီကဗျာရဲ့ အောက်ဆုံး နှစ်လိုင်းကို ကိုးကားပြီး "We are still masters of our fate. We still are captains of our souls" လို့ ပြောကြားခဲ့ပါတယ်။
အဖရိက ခေါင်းဆောင် Nelson Mandela ကလဲ Robben Island အကျဉ်းထောင်မှာ ချုပ်နှောင်ခံရတဲ့အချိန်မှာ ဒီကဗျာကို ရွတ်ဆိုပြပြီး အခြားအကျဉ်းသားတွေကို ခွန်အားပေး လှုံ့ဆော်ခဲ့ရတယ်လို့ဆိုပါတယ်။ ယခု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း "ဒီကဗျာက ကျမအဖေနဲ့ လွတ်လပ်ရေး ကြိုးပမ်းတဲ့ကာလက သူ့ခေတ်ပြိုင်တွေကို စေ့ဆော်ခဲ့ပါတယ်။ တစ်ခြားအချိန်က တစ်ခြားဒေသတွေမှာရှိကြတဲ့ လွတ်မြောက်ရေး တိုက်ပွဲ ဝင်သူတွေကိုလဲ စေ့ဆော်ခဲ့ပုံပါပဲ" ဟုမှတ်ချက်ပေးခဲ့သည်။
ဒီကဗျာဟာ ကျော်ကြားတဲ့ ပုဂ္ဂိုလ်များစွာကို လွှမ်းမိုးနိုင်ခဲ့ရုံမက ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကဗျာတစ်ပုဒ် ဖြစ်နေကြောင်းပါ။
ကဗျာမိတ်ဆက်သက်သက်မျှသာ
ဆလိုင်းရှန်းလျန်အုပ်
12 January, 2017
အနိုင်မခံ
Labels:
Burmese Cahram
Location:
Kale, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment