မကုန်နိုင်သေးတဲ့ဝဋ်ကြွေး
Steve နဲ့ Sarah တို့ဟာ ချစ်ချစ်ခင်ခင်ပဲ မင်္ဂလာသက်တမ်း ၁ဝနှစ်တာ ကာလကို ဖြတ်သန်းလာခဲ့ကြတဲ့ ဇနီးမောင်နှံတွေပါ။ ဒါပေမဲ့ သားသမီး မထွန်းကားပဲ နေလာခဲ့ကြတာဖြစ်ပြီး အခုဆိုရင် ၁၁ နှစ်မြှောက်ကို ရောက်ရှိလို့လာပြီပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကလဲ မင်္ဂလာနှစ်ပတ်လည် ၁၁ကြိမ် မပြည့်ခင်မှာ ကလေးအလွန်လိုချင် ကြတယ်။ အကြောင်းကတော့ မိဘဆွေမျိုးများနဲ့ မိတ်ဆွေများက သားသမီးမရနိုင်တဲ့ သူတို့နှစ်ဦးကို ကွာရှင်းဖို့အထိ အကြံတွေ စပြီး ပေးလာကြလို့ ဖြစ်ပါတယ်။ သို့နှင့်တိုင် သူတို့နှစ်ဦးကြားက ကြီးမားတဲ့ မေတ္တာကြောင့် ကွာရှင်းဖို့ကိုတော့ သူတို့မတွေးရဲခဲ့ပေ။
လများစွာ ကုန်လွန်လာခဲ့ပြီးတဲ့ တစ်နေ့မှာတော့ အလုပ်ကနေ Steve ပြန်လာချိန်မှာ အခြားယောက်ျား တစ်ယောက်နဲ့ သူ့မိန်းမတို့ လမ်းအတူတူ လျှောက်နေကြတာကို မြင်တွေ့လိုက်မိတယ်။ ထိုယောက်ျားက Sarah ရဲ့ပခုံးကိုသိုင်းဖက်ရင်း၊ ပျော်ရွှင်မြူးထူးတဲ့ပုံစံလဲ ပေါက်နေကြတယ်။ အဲဒီနောက် တစ်ပတ်ကျော်ကျော် ကြာတဲ့အထိ သူ့မိန်းမကို အဲဒီ ယောက်ျားနဲ့ပဲ အခြားနေရာတွေမှာ ထပ်ခါထပ်ခါ သူတွေ့နေခဲ့တယ်။ တစ်ညနေခင်းမှာတော့ အလုပ်ကနေ Steve ပြန်လာတဲ့အချိန်မှာ အဲဒီ ယောက်ျားက Sarah ကိုအိမ်ရှေ့အထိ ကားနဲ့လိုက်ပို့ရင်း သူ့ပါးပြင်ကို နမ်းပြီး နှုတ်ဆက်နေတာကို Steve မြင်တွေ့ရပြန်တယ်။ Steve ဟာ အရမ်းပဲ ဒေါသထွက်ပြီး ဝမ်းနည်းနေပေမယ့် သူ့မိန်းမဆီမှာတော့ ဘာမှမပြောပဲ နေလိုက်တယ်။
နောက်နှစ်ရက်အကြာ၊ အလှုပ်ရှုပ်နေတဲ့ Steve က ဖန်ကရားထဲမှာ ရေတွေထည့်ယူနေတုန်း ဖုန်းသံမြည်လာတယ်။ ဖုန်းကိုသွားကိုင်တဲ့အခါ တစ်ဖက်ကနေ "ဟဲလို အချစ်ရေ၊ ငါကတိပြုခဲ့တဲ့အတိုင်း ဒီညနေ မင်းတို့အိမ်ကို လာမှာနော်" လို့ ဆိုလာတယ်။ Steve ကတော့ဖုန်းကိုတန်းလန်းချထားလိုက်တယ်။ ဖုန်းထဲမှာသူကြားရတဲ့အသံက ယောက်ျားသံဖြစ်ပြီး သူ့မိန်းမနဲ့အတူအမြဲ သူတွေ့နေကျ ယောက်ျားဖြစ်မယ်မှန်းလဲ သူသေချာသိနေတယ်။ သူ့မိန်းမကို အခြား ယောက်ျား တစ်ယောက်ထံ သူဆုံးရှုံးလိုက်ရပြီ ဆိုတဲ့အတွေးနဲ့ ဆတ်ခနဲ့ စိတ်ဆိုးလာတယ်။ သူ့လက်ထဲက ဖန်ကရားလဲ လွတ်ကျသွားပြီး တစ်စစီကွဲကြေကုန်တယ်။
အဲဒီချိန်မှာ Sarah က "အားလုံးအဆင်ပြေလား" လို့အော်ရင်း အခန်းထဲကို ပြေးဝင်လာတယ်။ စိတ်ဆိုးနေတဲ့ Steve ကတော့ Sarah ကို တစ်ချက်တွန်းလိုက်မိတယ်။ လဲကျနေတဲ့ Sarah က လှုပ်လဲမလှုပ်၊ ထလဲမထတော့။ ချက်ချင်းပဲ ဖန်ကွဲများအကြား သူမလဲကျတာကို Steve က ပြန်သတိရတယ်။ ကြီးမားတဲ့ ဖန်ကွဲစက သူ့ကိုယ်ထဲ စူးဝင်နေတယ်။ သူမရဲ့ အသက်ရှုသံ၊ နှလုံးခုန်သံတွေ ကြားနေရပေမယ့် မလှုပ်ရှားတော့။ စိတ်ရှုပ်ထွေးနေတဲ့ Steve က Sarah လက်ထဲမှာ စာအိတ်တစ်စောင် ရှိနေတာကို သတိပြုမိတယ်။ လှမ်းယူပြီး ဖွင့်တဲ့အခါ အထဲမှာ စာတစ်စောင်ရှိနေတာကို တွေ့တော့ မှင်သက်မိသွားတယ်။ နောက် သူဖွင့်ဖတ်တဲ့အခါ ဒီလိုရေးထားတယ် -
"ကျမချစ်ရပါသောခင်ပွန်း
ကျမခံစားတဲ့အရာတွေကို နှုတ်နဲ့မပြောပြတတ်လို့ စာနဲ့ရေးချလိုက်တာပါ။ ကျမ တစ်ပတ်ကျော်ကြာအောင် ဆရာဝန်နဲ့ တွေ့ခဲ့ပြီး၊ ကျမပြောပြမယ့်သတင်းကိုလဲ အတည်ပြုပေးစေချင်ခဲ့ပါတယ်။
ဆရာဝန်က ကျမမှာ အမွှာပူးကိုယ်ဝန်ရှိကြောင်း အတည်ပြုခဲ့ပြီး အခုဆိုရင် ၂ လ ရှိလာပြီ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီ ဆရာဝန်ဟာ ကျမတို့ လက်ထပ်ပြီးနောက် ဆက်သွယ်လို့မရတော့ပဲ ပျောက်ဆုံးခဲ့တဲ့ ကျမရဲ့ အစ်ကိုဖြစ်နေပါတယ်။ ကျမတို့ ငွေကြေးတစ်ပြားမှ ကုန်စရာမလိုပဲ ကျမနဲ့ ကလေးတွေကို စောင့်ရှောက်ပေးဖို့ သူ ကတိပေးထားပါတယ်။
ပြီးတော့ ဒီညနေ ကျမတို့ဆီမှာ ညစာ လာစားဖို့လဲ ကတိပေးထား ပါတယ်။ ကျမဘေးမှာ ရှိနေပေးလို့ ကျေးဇူးအရမ်း တင်ပါတယ်။
ရှင့် ချစ်ဇနီး"
စာရွက်ဟာ သူ့လက်ထဲကနေ လွတ်ကျသွားတယ်။ တံခါးခေါက်သံပေါ်လာပြီး၊ သူ့မိန်းမနဲ့အတူ သူတွေ့နေကျ ယောက်ျားဟာ တံခါးဖွင့်ဝင်လာကာ "ဟဲလို Steve၊ ဝင်လာတာ အဆင်ပြေ ပါတယ်နော်။ ကျနော် Sarah ရဲ့အစ်ကို Max ပါ" လို့ သူ့ကိုယ်သူ မိတ်ဆက်တယ်။ သွေးအိုင်ထဲ လဲနေတဲ့ သူ့ညီမကိုတွေ့တော့ ချက်ချင်းပဲ ဆေးရုံကို သွားပို့တယ်။ Sarah ကတော့ မေ့မြောနေတယ်။ ဗိုက်ထဲက ကလေးနှစ်ယောက်ကိုတော့ ဆုံးရှုံးလိုက်ကြရတယ်။
Steve ရေ .......... ဖြစ်ကြောင်းကုန်စင်ကိုသာ ချင့်ချိန်စုံစမ်းမိခဲ့ရင်.............
မူရင်း၊ www.moralstories.com မှ "Truth".
18 January, 2017
မကုန်နိုင်သေးတဲ့ဝဋ်ကြွေး
12 January, 2017
အနိုင်မခံ
အနိုင်မခံ
သခင်အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) ဘာသာပြန်ထားပြီး ယနေ့ထိတိုင် မြန်မာစာပေလောကထဲက ထင်းရှားတဲ့ ကဗျာဘာသာပြန်လက်ရာ ဖြစ်နေဆဲဖြစ်တဲ့ "အနိုင်မခံ" ကဗျာရဲ့မူရင်းကဗျာဟာ ဝိတိုရိယဘုရင်မခေတ်က ကဗျာဆရာ William Ernest Henley (1849 – 1903) ရေးဖွဲ့ထားတဲ့ "Invictus" ကဗျာဖြစ်ပါတယ်။ မူရင်းကဗျာဆရာ Henley က ဒီကဗျာကို ၁၈၇၅ ခုနှစ်မှာ ရေးစပ်ခဲ့ပြီး ၁၈၈၈ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
ဒီကဗျာပါဝင်တဲ့ မူရင်းစာအုပ် Book of Verses မှာတော့ ဒီကဗျာမှာ ခေါင်းစဉ်မရှိခဲ့ပါ။ မူရင်းကဗျာစာအုပ်ရဲ့ "Life and Death (Echoes)" ရှင်သန်ခြင်းနဲ့မရဏ (ပဲ့တင်သံများ) ဆိုတဲ့အခန်းမှာ တစ်ပုဒ်အနေနဲ့ပါဝင်ခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ကဗျာရဲ့ ခေါင်းစဉ် "Invictus" ဟာ နောက်ပိုင်းမှာ ထည့်ထားတာဖြစ်ပါတယ်။ Oxford Book of English Verse မှာ ဒီကဗျာကို ထည့်သွင်းတဲ့အချိန်မှာ အယ်ဒီတာ Arthur Quiller-Couch က ဒီခေါင်းစဉ်ကို ထည့်ပေးထားတာဖြစ်ပါတယ်။
လက်တင်စကားလုံးဖြစ်တဲ့ "Invictus" ဆိုတာ "အနိုင်ယူလို့မရသော"၊ "ချေမှုန်းလို့မရသော" လို့ဆိုလိုပါတယ်။ ကဗျာရဲ့ အကြာင်းအရာနဲ့ ဒီခေါင်းစဉ်က ကိုက်ညီနေတော့ နောက်ပိုင်းမှာ ဒီခေါင်းစဉ်နဲ့ ဒီကဗျာကို တွဲမှတ်လာကြပါတယ်။
ဒီကဗျာက ကံဆိုးမိုးမှောင်ကျခြင်းတွေကို ကြုံတွေ့ရသည့်တိုင် ကြံ့ကြံ့ခံနိုင်တဲ့ ရဲစွမ်းသတ္တိကို ဖော်ကျူးထားပြီး သူ့ခေတ်သူ့အချိန်ဖြစ်တဲ့ ဝိတိုရိယခေတ်က လူသားများရဲ့ သတ္တိနဲ့ဇွဲလုံ့လတွေကို နှိုးဆွပေးနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ ကဗျာဆိုတာ အချိန်ကာလနဲ့ လူမှုရေး၊ နိုင်ငံရေးပြောင်းလဲမှုများစွာကို ကျော်ဖြတ်နိုင်တဲ့ အနုပညာဖြစ်တဲ့အတိုင်းပဲ ယနေ့ထိတိုင် အားမာန်အပြည့်ရှိနေဆဲဆိုတာကိုလဲ တွေ့ရမှာပါ။
ဒီကဗျာဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ဟာလဲ ကြေကွဲဖွယ်ရာဖြစ်နေပါတယ်။ ၁၈၇၅ ခုနှစ်မှာ တီဘီရောဂါ အပါအဝင် ရောဂါ အမျိုးမျိုးကြောင့် Henley ရဲ့ခြေထောက်တစ်ဖက်ဟာ ဖြတ်တောက်ဖို့ အခြေအနေ ဖြစ်လာပါတယ်။ ခြေထောက်တစ်ဖက်ကို ဖြတ်ပြီးပြီးချင်းမှာပဲ အခြားတစ်ဖက်ကိုလဲ ဖြတ်ပစ်ရမယ့် အခြေအနေ ဖန်လာပြန်ပါတယ်။ ဒါပေမယ့် Henley က ခြေထောက်ကို မဖြတ်တောက်ပဲ ကျွမ်းကျင်တဲ့ ခွဲစိပ်ဆရာဝန် Joseph Lister ကိုအားကိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ သူ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပြီး Joseph Lister က Henley ရဲ့ ခြေထောက် တစ်ဖက်ကို ကယ်လိုက်နိုင်ပါတယ်။
Henley က ဆေးရုံမှာ နာလန်ထနေတုန်း ဒီကဗျာကို ရေးခဲ့တာဖြစ်ပါတယ်။ ခြေထောက်ဖြတ်တောက်ရတဲ့ အတွေ့အကြုံ၊ ဆင်းရဲနုံချာတဲ့ သူ့ငယ်ဘဝတွေဟာ ဒီကဗျာကို အဓိက အသက်သွင်းပေးတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ ဝိတိုရိယခေတ်မှာ ယောက်ျားကောင်းတစ်ဦး ထားရှိသင့်တဲ့ စိတ်ဓာတ်လို့ ယုံကြည်နေကြတဲ့ ခံယူချက် (Stoicism) ကို ဖော်ထုတ်နိုင်လို့ ဒီကဗျာဟာ ခေတ်တစ်ခေတ်ရဲ့ မှတ်ကျောက်လဲ ဖြစ်လာခဲ့ပါတယ်။
"Invictus"
Out of the night that covers me,
Black as the pit from pole to pole
I thank whatever gods may be
For my unconquerable soul.
In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeoning of chance
My head is bloody, but unbowed.
Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid.
It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
"အနိုင်မခံ"
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏
ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။
သခင် အောင်ဆန်း (၁၉၁၅-၁၉၄၇)
(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆)
ဒီကဗျာဟာ alternate rhyme (abab) နဲ့ရေးထားပြီး quatrain (ကာရန်ရှိတဲ့ လေးလိုင်းတစ်ပိုဒ်) လေးပိုဒ်ရှိတဲ့ ကဗျာဖြစ်ပါတယ်။ "....pit from pole to pole", ".....bloody, but unbowed", စတာတွေဟာ လှပတဲ့ alliteration တွေဖြစ်ပါတယ်။ Bloody, but unbowed ဆိုရင် အသံသာမက အနက်ပါ နက်ရှုင်းတဲ့ စကားလုံး ရွေးချယ်မှုဖြစ်ကြောင်းကို တွေ့ရမှာပါ။ ကဗျာရဲ့ အလှမှာ အကြောင်းအရာကို ကျစ်ကျစ်လစ်လစ် ရေးဖွဲ့နိုင်မှုနဲ့ အသံအစီးအဆင်း ပညာသားပါမှု တွေကိုလဲ တွေ့ရမှာပါ။
Henly ရဲ့ စာပေဆိုင်ရာကျော်ကြားမှုဟာ ဒီကဗျာ တစ်ပုဒ်ထဲကြောင့်လို့ ဆိုရမလိုဖြစ်နေပါတယ်။ သူဟာ အခြား ကဗျာများကို ရေးဖွဲ့ခဲ့ပေမယ့် ဒီကဗျာတစ်ပုဒ်ပဲ ဂန္တဝင်လက်ရာအဖြစ် အသိအမှတ်ပြုခံခဲ့တာဖြစ်ပါတယ်။
ဒီလိုဖြစ်အောင်လဲ ဒီကဗျာရဲ့ လွှမ်းမိုးနိုင်စွမ်းဟာ ကြီးကျယ်ခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Winston Churchill က ၁၉၄၁ ခုနSစ် စက်တင်ဘာလ ၉ ရက်နေ့မှာ အောက်လွှတ်တော်ကို ပြောကြားတဲ့မိန့်ခွန်းမှာ ဒီကဗျာရဲ့ အောက်ဆုံး နှစ်လိုင်းကို ကိုးကားပြီး "We are still masters of our fate. We still are captains of our souls" လို့ ပြောကြားခဲ့ပါတယ်။
အဖရိက ခေါင်းဆောင် Nelson Mandela ကလဲ Robben Island အကျဉ်းထောင်မှာ ချုပ်နှောင်ခံရတဲ့အချိန်မှာ ဒီကဗျာကို ရွတ်ဆိုပြပြီး အခြားအကျဉ်းသားတွေကို ခွန်အားပေး လှုံ့ဆော်ခဲ့ရတယ်လို့ဆိုပါတယ်။ ယခု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း "ဒီကဗျာက ကျမအဖေနဲ့ လွတ်လပ်ရေး ကြိုးပမ်းတဲ့ကာလက သူ့ခေတ်ပြိုင်တွေကို စေ့ဆော်ခဲ့ပါတယ်။ တစ်ခြားအချိန်က တစ်ခြားဒေသတွေမှာရှိကြတဲ့ လွတ်မြောက်ရေး တိုက်ပွဲ ဝင်သူတွေကိုလဲ စေ့ဆော်ခဲ့ပုံပါပဲ" ဟုမှတ်ချက်ပေးခဲ့သည်။
ဒီကဗျာဟာ ကျော်ကြားတဲ့ ပုဂ္ဂိုလ်များစွာကို လွှမ်းမိုးနိုင်ခဲ့ရုံမက ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကဗျာတစ်ပုဒ် ဖြစ်နေကြောင်းပါ။
ကဗျာမိတ်ဆက်သက်သက်မျှသာ
ဆလိုင်းရှန်းလျန်အုပ်
14 November, 2016
ချင်းအမျိုးသားငှက်နှင့်အတူပျံသန်းခြင်း
ချင်းအမျိုးသားငှက်နှင့်အတူပျံသန်းခြင်း
(၁) အောက်ချင်းငှက် - တောဘုရင်၏ နိဒါန်း
အောက်ချင်းငှက် မျိုးစိတ် ၅၄ မျိုးရှိပါတယ်။ မျိုးစိတ် ၂၃ မျိုးကတော့ အဖရိကတိုက်မှာရှိကြပြီး မျိုးစိတ် ၃၁ မျိုးကတော့ အာရှတိုက်မှာရှိကြပါတယ်။ အခုထိတွေ့ရှိရတဲ့ အောက်ချင်းငှက် ကျောက်ဖြစ်ရုပ်ကြွင်းထဲမှာ အစောဆုံးကတော့ လွန်ခဲ့တဲ့ နှစ် ၁၅ သန်းလောက်က ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ပါတယ်။
ကျနော်တို့ ချင်းလူမျိုးတွေရဲ့ အမျိုးသားအမှတ်သင်္ကေတ (National Symbol)၊ ပြည်နယ်ငှက် (State Bird)၊ အမျိုးသားငှက် (National Bird) ဖြစ်တဲ့ အောက်ချင်းငှက် အမျိုးအစားကတော့ Great Hornbill လို့ခေါ်တဲ့ အကြီးစားအောက်ချင်းငှက် ဖြစ်ပါတယ်။ Great Indian Hornbill သို့မဟုတ် Great Pied Hornbill လို့လဲ ခေါ်ကြတယ်။
Great Hornbill ကို တရုတ်၊ နီပေါ၊ အန္ဒိယ၊ အရှေ့တောင်အာရှ ကုန်းပြင်မြင့်၊ အင်ဒိုနီးရှားက စူမားတြားကျွန်းနဲ့ အန္ဒိယ အရှေ့မြောက်ပိုင်း ဒေသတွေမှာ အဓိကတွေ့ရပါတယ်။ တောင်အာရှမှာတော့ Western Ghats က တောနက်အချို့နဲ့ ဟိမဝန္တာတောင်တန်း တစ်လျှောက်မှာ တွေ့ရှိနိုင်ပြီး ဤနေရာမှသည် ထိုင်း၊ မြန်မာနိုင်ငံ၊ မလေးရှားနဲ့ စူမားတြားကျွန်းအထိ ပျံ့နှံ့ရောက်ရှိကြခြင်းဖြစ်ပါတယ်။ စင်ကာပူမှာလည်း အနည်းငယ်တွေ့ရပါတယ်။
နီပေါနိုင်ငံမှာတော့ Great Hornbill ကို homrai သို့မဟုတ် banrao လို့ခေါ်ကြပါတယ်။ အဓိပ္ပာယ်ကတော့ "တောဘုရင်" ဖြစ်ပါတယ်။ Great Hornbill ဟာ အိန္ဒိယနိုင်ငံက Kerala နဲ့ Arunachal ပြည်နယ်တို့ရဲ့ ပြည်နယ်ငှက်လည်းဖြစ်ပါတယ်။ မလေးရှားနိုင်ငံ၊ Sarawak ပြည်နယ်ကတော့ rhinoceros hornbill ကို ပြည်နယ်ငှက်အဖြစ် သတ်မှတ်ထားပါတယ်။ Rhinoceros hornbill ဟာ မလေးရှားနိုင်ငံရဲ့ အမျိုးသားငှက်လည်း ဖြစ်ပါတယ်။
(၂) အောက်ချင်းငှက် - အမျိုးသားငှက်မိတ်ဆက်
Great Hronbill ဟာ အများအားဖြင့် အသီးအနှံစားလေ့ရှိပေမယ့် တစ်ခါတစ်ရံမှာ အခြားတိရစ္ဆာန် အကောင်ငယ်လေး တွေကိုလဲ စားတတ်ပါတယ်။ အကောင်ငယ်တွေကို ဖမ်းပြီးနောက် လေထဲသို့ မြှောက်တက်ပြီး ပြန်ကျလာတဲ့အခါ ယူစားလိုက်ပါတယ်။ သူတို့ရဲ့ အဓီကအစာကတော့ ချင်းလူမျိုးတွေကလည်း အလွန်နှစ်သက်တဲ့ သဖန်းသီးဖြစ်ပါတယ်။ Great Hornbill အပါအဝင် အောက်ချင်းငှက်တွေဟာ ရေမသောက်ကြပါဘူး။ သူတို့ရဲ့ အစားအစာကနေ လိုအပ်တဲ့ ရေဓာတ်ကို အလိုအလျောက်ရ ကြပါတယ်။ သူတို့ဟာ တောနက်ထဲမှာ သစ်ပင်မျိုးစိတ်များစွာကို သယ်ဆောင် ဖြန့်ချိပေးသူများလည်း ဖြစ်ကြပါတယ်။
Great Hornbill တွေဟာ ပေ ၅၀၀၀ နှင့်အထက်မှာရှိတဲ့ တောနက်ကြီးများမှာ နေထိုင်ကြပါတယ်။ အသေးစား အောက်ချင်းငှက်များနဲ့မတူပဲ သူတို့ဟာ ကျယ်ပြန့်တဲ့တောနက်ကြီးကို အမှီပြုနေထိုင်ပုံကြပါတယ်။
Great Hornbill ဟာ ကြီးမားတဲ့ငှက်တစ်မျိုးပါ။ ၉၅ - ၁၃၀ စင်တီမီတာ (၃၇ - ၅၁ လက်မ) အထိရှည်နိုင်ပြီး၊ အတောင်ပံဖြန့်တဲ့အခါ တောင်ပံတစ်လျားက ၁၅၂ စင်တီမီတာ (၆၀ ပေ) အထိ ရှိနိုင်ပါတယ်။ အလေးချိန် ၂.၁၅ ကီလိုဂရမ် (၄.၇ ပေါင်) အထိရှိနိုင်ပါတယ်။ သက်တမ်းကြာရှည်တဲ့ ငှက်ဖြစ်ပြီး နှစ် ၅၀ နီးပါး အသက်ရှင်နိုင်ကြပါတယ်။ အာရှ အောက်ချင်းငှက်တွေထဲမှာ အလေးဆုံး (အရှည်ဆုံးတော့မဟုတ်) ဖြစ်ပါတယ်။ အမတွေဟာ အထီးတွေထက် သေးငယ်ပြီး အထီးတွေလို မျက်လုံးအနီရောင်မဟုတ်ပဲ အဖြူရောင်သန်းတဲ့ ပြာလဲ့လဲ့ မျက်လုံးရှိကြပါတယ်။
အောက်ချင်းငှက်တွေဟာ မျက်တောင်မွှေးရှိတဲ့ တစ်မျိုးတည်းသော ငှက်အမျိုးအစားဖြစ်ကြပါတယ်။ အခြားငှက်တွေလိုပဲ အရောင်တွေကိုလည်း ကောင်းကောင်းခွဲခြားနိုင်ပါတယ်။
အောက်ချင်းငှက်တွေရဲ့ အထင်ရှားဆုံး အစိတ်အပိုင်းကတော့ ကြီးမားတဲ့နှုတ်သီးပေါ်က တောက်ပတဲ့အ၀ါရောင်နဲ့ casque or helmet တွေဖြစ်ပါတယ်။ အရှေ့တည့်တည့်ကနေကြည့်ရင် casque ဟာ U ပုံဏ္ဍာန်ရှိပါတယ်။ Casque ရဲ့ထိပ်က အလယ်မှာခွက်နေပြီး တစ်ဖက်တစ်ချက်မှာတော့ အရှေ့ဘက်ကိုညွှန်ပြနေတဲ့ အတန်းနှစ်ခုရှိပါတယ်။ အဲဒီအတန်းနှစ်ခုကြောင့် Great Hornbill ကို လက်တင်လို bicornis (ဦးချိုနှစ်ခုရှိသူ) လို့မျိုးစိတ်အမည် ပေးထားကြခြင်း ဖြစ်ပါတယ်။ အမတွေမှာ Casque ရဲ့အနောက်ဘက်က အနီရောင်သန်းပေမယ့် အထီးတွေမှာတော့ casque ရဲ့အရှေ့ဘက် အောက်ပိုင်းနဲ့ အနောက်ဘက်ဟာ အနက်ရောင်ဖြစ်ပါတယ်။
Great Hornbill ရဲ့ Casque ဟာအခေါင်းပေါက်ဖြစ်ပြီး အသုံးပြုသည့်နေရာ မသိရှိရသေးပါ။ ဒါပေမယ့် အထီးတွေကတော့ လေထဲမှာပျံသန်းရင်း casque ချင်းဝှေ့ဖို့ အသုံးပြုတတ်ကြတယ်လို့ ဆိုပါတယ်။ အထီးတွေဟာ သူတို့ရဲ့ ဆီဖူးကနေ အဝါရောင် ဆီတစ်မျိုးကိုထုတ်ကာ အမွှေးနဲ့ နှုတ်သီးများအား တောက်ပတဲ့အဝါရောင် ဖြစ်လာအောင် လိမ်းတတ်ကြပါတယ်။
Great Hornbill တွေရဲ့တောင်ပံခတ်သံဟာ အလွန်ကျယ်လောင်ပြီး အဝေးကနေတောင် ကြားလို့ရပါတယ်။ သူတို့ရဲ့ အတောင်ပံခတ်သံဟာ ရေနွေးငွေ့ မီးရထားစက်ခေါင်း စက်နှိုးစအချိန်ရဲ့ အသံနဲ့ တူညီတယ်လို့ဆိုပါတယ်။ တစ်ခါတစ်လေမှာတော့ အလွန်မြင့်တဲ့ ကောင်းကင်ယံမှာ ပျံသန်းကြပါတယ်။
အခြားအောက်ချင်းငှက်အမျိုးအစားများလိုပဲ Great Hornbill ဟာ အထဲမှာ လေပြည့်နေတဲ့အရိုးများ ရှိကြပါတယ်။ တောင်ပံရိုးများရဲ့ ထိပ်ဖျားအထိ လေနဲ့ပြည့်နေတဲ့ အရိုးများရှိကြပါတယ်။
(၂) အောက်ချင်းငှက် - ဒဏ္ဍာရီများ၏ အရှင်သခင်တစ်ပါး
မျိုးနွယ်စုများစွာက မြင့်မြတ်တဲ့ ငှက်အဖြစ် မှတ်ယူကြတဲ့ အောက်ချင်းငှက်တွေနဲ့ ပတ်သက်ပြီး ပုံပြင် ဒဏ္ဍာရီများစွာကို တွေ့ရှိနိုင်ပါတယ်။
ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံက ဘော်နီယိုကျွန်းမှာရှိတဲ့ တောင်ပေါ်လူမျိုးတွေကတော့ rhinoceros hornbill တွေဟာ သေသူတွေရဲ့ဝိညာဉ်ကို သယ်ဆောင်ပေးသူအဖြစ် ယုံကြည်ကြပါတယ်။ ဘော်နီယိုကျွန်းက Iban လူမျိုးတွေကလည်း rhinoceros hornbill ကို စစ်နတ်ဘုရား အဖြစ်မှတ်ယူကြပါတယ်။ ဘော်နီယိုကျွန်း အနောက်ပိုင်းဒေသမှာဆိုရင် ငါးနှစ် သို့မဟုတ် ခုနှစ်နှစ်မှာတစ်ကြိမ် အောက်ချင်းငှက်တွေကို ဂုဏ်ပြုတဲ့ပွဲ ကျင်းပလေ့ရှိပါတယ်။ အင်ဒိုနီးရှားအရှေ့ပိုင်း Sumba ကျွန်းမှာရှိတဲ့ လူမျိုးတွေအတွက်တော့ အောက်ချင်းငှက်တွေဟာ သစ္စာရှိခြင်းရဲ့ သင်္ကေတတွေပဲဖြစ်ပါတယ်။ ဒီနေရာမှာတော့ ချင်းလူမျိုးတွေရဲ့ ယုံကြည်ချက်နဲ့ တူညီနေတာကို တွေ့ရပါတယ်။
ဘော်နီယိုကျွန်းမှာရှိကြတဲ့ Dayak, Iban, Kalani နဲ့ Punani လူမျိုးတွေက အောက်ချင်းငှက်ကို ကိုးကွယ်ကြပါတယ်။ သူတို့က အောက်ချင်းငှက်တွေဟာ ဝိညာဉ်တွေရဲ့ စေတမန်များဖြစ်ကြပြီး ယောက်ျားပီသမှု၊ ခွန်အားရှိမှုရဲ့ အမှတ်သင်္ကေတလည်း ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အောက်ချင်းငှက်တောင်ပံမွှေးနဲ့ နှုတ်သီးတွေကိုသုံးပြီး ဂုဏ်သိက္ခာကိုဖော်ပြတဲ့ အဆင်တန်ဆာအဖြစ် အသုံးပြုကြပါတယ်။ Dayak လူမျိုးတွေကတော့ လူသားရဲ့ ဝိညာဉ်ဟာ အနန္တတန်ခိုးရှင်နှစ်ပါးရဲ့ အမိန့်ကိုပဲ နာခံကြတယ်လို့ယုံကြည်ကြပါတယ်။ တန်ခိုးရှင်တစ်ပါးကတော့ အောက်ချင်းငှက်ပုံသဏ္ဍာန်နဲ့ ကိုယ်ထင်ပြလေ့ရှိတဲ့ ကောင်းကင်ဖြစ်ပြီး၊ အခြားတန်ခိုးရှင်ကတော့ မြွေဆိုးနဲ့ ကိုယ်ထင်ပြတတ်တဲ့ မြေကြီးနဲ့ရေဖြစ်ပါတယ်။
Papua New Guinea ကမျိုးနွယ်စုတစ်ချို့အတွက်တော့ အောက်ချင်းငှက်ဟာ ခွန်အားရဲ့ သင်္ကေတ၊ လင်မယားတို့ စံထားထိုက်တဲ့သူ ဖြစ်ပြီး၊ New Ireland နိုင်ငံမှာတော့ ဝိညာဉ်တွေကို သေသူတွေရဲ့ ကမ္ဘာသို့ သယ်ဆောင်ပေးသူ ဖြစ်ပါတယ်။ Ivory Coast နိုင်ငံက Seunfo ဒဏ္ဍာရီမှာတော့ အောက်ချင်းငှက်ဟာ အစောဆုံးသက်ရှိ ၅ မျိုးထဲမှာပါဝင်ပြီး လူသားကမ္ဘာကို ဖန်ဆင်းသူဖြစ်ပါတယ်။ ဒါကြောင့် အောက်ချင်းငှက်ကို မျိုးပွားမှုရဲ့ သင်္ကေတအဖြစ် အသုံးပြုကြပါတယ်။
အကောင်ကြီးမားတဲ့ အောက်ချင်းငှက်တွေမှာ နှုတ်သီးနဲ့ helmet ဟာ ဆင်စွယ်လိုပဲ ကျစ်ကျစ်လစ်လစ်ဖြစ်ကြတာကြောင့် ရိုးရာဓလေ့ထုံးတမ်းတွေကို ရေးထွင်းလေ့ရှိကြပါတယ်။ တရုတ်ပြည်က မင်မင်းဆက်ခေတ်မှာဆိုရင် ဆင်စွယ်၊ ကျောက်စိမ်းနဲ့ ရွှေတို့ထက် အောက်ချင်းငှက်နှုတ်သီးတွေက ပိုတန်ဖိုးကြီးပါတယ်။
အဖရိကတိုက်က Senufu လူမျိုးတွေကလည်း ground hornbill တွေကို တန်ခိုးရှင်ဘုရားရဲ့ စေတမန်အဖြစ်လည်းကောင်း၊ မျိုးအောင်ခြင်းရဲ့သင်္ကတအဖြစ်လည်းကောင်း မှတ်ယူကြပါတယ်။
အိန္ဒိယနိုင်ငံ Arunachal Pradesh ပြည်နယ်မှ ပုံပြင်တစ်ပုဒ်ကတော့ အိပ်ရာဝင်ပုံပြင်ပါ။ Great Hornbill က သူ့အမြှီးကို ဘယ်သူ့ဆီကနေရသလဲဆိုတဲ့ ပုံပြင်ပေါ့။ Great Hornbill မှာအရင်က အမြှီးမရှိဘူးတဲ့။ တစ်နေ့မှာတော့ ရေနတ်ဆိုးက ခေါ်ဆောင်သွားတဲ့ သူ့မိန်းမကို ရှာနေတဲ့ Tikhak မျိုးနွယ် ကျေးလက်သားတစ်ဦးကို Great Hornbill ကကူညီသတဲ့။ ထိုယောက်ျားက ကျေးဇူးတင်တဲ့အနေနဲ့ သူ့ ဒိုတီ (dhoti) ကိုလက်ဆောင်အဖြစ် Great Hornbill အားပေးလိုက်တယ်။ သူတို့မျိုးနွယ်ရဲ့ ဒိုတီဟာအဖြူရောင်ရဲ့အလယ်မှာ အနက်ရောင်အစင်းရှိတဲ့ချည်ထည်တစ်မျိုးပါ။ အဲဒါကို Great Hornbill က သူ့အမြှီးအဖြစ် ယနေ့ထက်တိုင် အသုံးပြုပါတယ်တဲ့။ Great Hornbill ရဲ့အမြှီးကို ကြည့်ရင်တော့ အတော်လေး တူတာကို တွေ့ရမှာပါ။
Pacific Islands မှာတော့ အောက်ချင်းငှက်ဟာ မင်းသားဘဝကနေ ငှက်ဖြစ်လာတယ်လို့ ဒဏ္ဍာရီရှိပါတယ်။ နန်းတော် သို့မဟုတ် မိထွေးတော်ရဲ့ အိမ်တော်ကို ဖျက်ဆီးတဲ့မင်းသားတစ်ပါး ဖြစ်ပြီး ပြစ်ဒဏ်အဖြစ် ငှက်အသွင်ကို ပြောင်းပေးလိုက်ကြတာလို့ ဆိုပါတယ်။
(၃) အောက်ချင်းငှက် - ကိုယ်ပိုင်နယ်မြေနဲ့ အတည်တကျ နေထိုင်သူ
အောက်ချင်းငှက်တွေဟာ နေရာဒေသတစ်ခုမှာ အတည်တကျနေထိုင်တတ်တဲ့ ငှက်တွေဖြစ်ပါတယ်။ ရောက်ရာအရပ်မှာပဲ အိပ်တတ်တဲ့ ခြေသလုံးအိမ်တိုင်သမားမျိုးမဟုတ်ကြပါဘူး။ သူတို့ကိုယ်တိုင် သီးသန့်သတ်မှတ်ထားတဲ့ နယ်မြေမှာပဲနေထိုင်ကြပါတယ်။ အစာရှာတဲ့အချိန်မှာ သတ်မှတ်နယ်မြေကို ကျော်တတ်တဲ့အချိန် အနည်းငယ်ရှိပေမယ့် သူတို့ရဲ့နေရာကိုပဲ ပြန်လာကြပါတယ်။ သူတို့ဟာ နေဝင်ဆည်းဆာအချိန်မှာ အစာရှာထွက်ကြတဲ့ အဝေးတစ်နေရာကနေ ပုံမှန်ပြန်လာကြပါတယ်။ သူတို့မှာ ပုံမှန်အသုံးပြုတဲ့ လမ်းကြောင်းလည်း ရှိပါတယ်။
ထိုင်းနိုင်ငံမှာ တိုင်းတာချက်အရ Great Hornbill အထီးတွေရဲ့ ကိုယ်ပိုင်နယ်မြေဟာ သားပေါက်ရာသီမှာ ၃.၇ စတုရန်းကီလိုမီတာ ရှိပြီး၊ သားပေါက်ရာသီမဟုတ်တဲ့အချိန်မှာတော့ ၁၄.၇ စတုရန်း ကီလိုမီတာ ရှိပါတယ်။
(၄) အောက်ချင်းငှက် - သစ္စာတရားနဲ့ စည်းလုံးခြင်းရဲ့သင်္ကေတ
အောက်ချင်းငှက်တွေဟာ ယေဘုယျအားဖြစ် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးတဲ့ ငှက်အမျိုးအစားများ ဖြစ်ပါတယ်။ ဒါဟာ တစ်ဦးအပေါ်တစ်ဦးသစ္စာရှိခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။
အင်ဒိုနီးရှားအရှေ့ပိုင်း ဆမ်ဘာကျွန်းမှာရှိတဲ့ လူမျိုးတွေကတော့ အောက်ချင်းငှက်ကို သစ္စာတရားရဲ့ သင်္ကေတအဖြစ် မှတ်ယူကြပါတယ်။ ဒါဟာ ချင်းလူမျိုးတွေရဲ့ ယုံကြည်မှုနဲ့ တူညီနေတာကို တွေ့ရပါတယ်။ အောက်ချင်းငှက် အဖိုအမ တစ်စုံဟာ သူတို့ရဲ့ကိုယ်ပိုင် နယ်မြေကို အတူတကွကာကွယ်ကြပါတယ်။ မျိုးစိတ်အနယ်ငယ်ကတော့ သူတို့ရဲ့နယ်မြေနဲ့ မျိုးပွားမှုကို ကာကွယ်ဖို့ အုပ်စုဖွဲ့ပြီးနေထိုင်ကြပါတယ်။ ဒါဟာ လိုအပ်တဲ့အချိန်မှာ စည်းလုံးတတ်ခြင်းရဲ့ အရေးပါမှုကို ဖော်ညွှန်းတာပဲဖြစ်ပါတယ်။
Great Hornbill တွေကတော့ အများအားဖြင့် အုပ်စုတစ်ခုထဲမှာ အကောင်ရေသိပ်များများ မရှိတတ်ကြပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ အကောင်ရေများစွာဖြင့် အုပ်စုဖွဲ့တတ်ကြပါတယ်။ သစ်သီးပင်တွေကိုလည်း အတူတကွချဉ်းကပ်ကာ စားသုံးကြပါတယ်။ မှတ်တမ်းထဲမှာတော့ Great Hornbill ကောင်ရေ ၁၅၀ ကနေ ၂၀၀ အထိပါတဲ့ အုပ်စုကို ဘူတန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ တွေ့ဖူးကြပါတယ်။
(၅) အောက်ချင်းငှက် - မိသားစုဘဝကို အမြော်အမြင်ရှိရှိ တည်ထောင်သူ
Great Hornbill တွေရဲ့ သားပေါက်ရာသီဟာ ဇန်နဝါရီလကနေ ဧပျြီလအထိ ဖြစ်ပါတယ်။ သားပေါက်ရာသီ ရောက်လာတဲ့အခါ ကျယ်လောင်စွာ အော်မြည်ကြပါတယ်။ အထီးက တစ်စက္ကန့်မှာ တစ်ကြိမ်နှုန်းဖြင့် 'ခေါ့ခ်' ဟုအော်မြည်ပြီး အမက ထိုအော်မြည်သံကို တုန့်ပြန်ပါတယ်။ ထို့နောက် တွေ့ဆုံကြဖို့ အော်သံပေးကြပြီး၊ တွေ့ဆုံတဲ့အချိန်မှာ ဟိန်းဟောက်သံပါတဲ့အသံဖြင့် အော်မြည်ကြပါတယ်။
Great Hornbill တွေဟာ အသိုက်ဆောက်ရမည့်နေရာအတွက် လူသူမရောက်၊ မခုတ်ထွင်တဲ့ တောနက်ကြီးကို ပိုမိုနှစ်သက်ကြပါတယ်။ လုံးပတ်ကြီးမားရုံမက မြင့်မြင့်မားမားထိုးထွတ်နေတဲ့ နှစ်ရှည်ပင်ကြီးများကို အသိုက်ဆောက်ဖို့ ပိုရွေးကြပါတယ်။
ဒါကြောင့် အောက်ချင်းငှက်များဟာ ခိုင်ခန့်တဲ့နေရာကို ရွေးလေ့ရှိကြပြီး၊ မဟာဆန်တဲ့ ငှက်အမျိုးအစားတစ်မျိုး ဖြစ်ကြတယ်လို့ ပြောလို့ရပါတယ်။
(၆) အောက်ချင်းငှက်အမ - အမျိုးသမီးများရဲ့ ရဲစွမ်းသတ္တိနှင့် မိခင်ဘ၀အတွက် သင်္ကေတ
အောက်ချင်းငှက်အထီးတွေဟာ အမတွေထက် အနည်းငယ်ပိုကြီးကြပါတယ်။ ဒါပေမယ့် အောက်ချင်းငှက်အမတွေဟာ ပိုမိုရဲရင့်ကြပါတယ်။ ဥပမာအားဖြင့် မြွှေနဲ့ monitor lizard တွေကို အောက်ချင်းငှက်အထီးက တိုက်ခိုက်ဖို့ ရှောင်ရှား တတ်ပေမယ့် အောက်ချင်းငှက်အမတွေကတော့ ရင်ဆိုင်တိုက်ခိုက်ဖို့ ၀န်မလေးကြပါဘူး။ အောက်ချင်းငှက် အမတွေ ဥ ဥနေချိန်မှာ သူ့ ဥကိုစားဖို့ မြွှေတစ်ကောင်တက်လာတယ် ဆိုရင်လည်း အသိုက်ထဲမှာရှိတဲ့ အောက်ချင်းငှက်အမက သူ့နှုတ်သီးနဲ့ ထိုးဆိတ်သတ်ဖြတ်လေ့ရှိပါတယ်။
အသိုက်ဆောက်ဖို့နေရာကိုလည်း အောက်ချင်းငှက်အမကပဲ သေသေချာချာ ရွေးလေ့ရှိပါတယ်။ နေသာထိုင်သာရှိမယ့် နေရာကို မရမကရှာလေ့ရှိပါတယ်။ အသိုက်ဆောက်မယ့် သစ်ခေါင်း သို့မဟုတ် ကျောက်ဆောင်အက်ကြောင်းမှာ မီးခိုးခေါင်းတိုင်ပုံစံမျိုး အပေါက်ခေါင်းထပ်ရှိနေမှ သူရွေးပါတယ်။ ရန်သူရဲ့ တုက်ခိုက်မှုခံရရင် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ဖြစ်ပါတယ်။ အသိုက်ဆောက်ဖို့ နေရာရွေးပြီးတဲ့အခါ အခြားအပေါက်ငယ်များအားလုံးကို ပိတ်လိုက်ပါတယ်။ ဒါဟာ မိမိသားသမီး မွေးဖွားမယ့်နေရာနဲ့ သားသမီးတွေရဲ့ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်တတ်တဲ့ မိခင်ကောင်းရဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်။
(၇) အောက်ချင်းငှက်အထီး - စံပြဖခင်
အောက်ချင်းငှက်အမက အသိုက်ကိုပြင်ဆင်ပြီးတဲ့အခါမှာ အောက်ချင်းငှက်အထီးက သူ့တံတွေးတွေနဲ့ စိုစွတ်အောင် လုပ်ထားတဲ့ မြေကြီးကို သယ်ဆောင်လာပါတယ်။ ပြီးတော့ ရွံ့နံရံတစ်ခုကို အတူတကွတည်ဆောက်ကြပါတယ်။ အထီးက အသိုက်ရဲ့အပြင်ဘက်ကို တာဝန်ယူပြီး အမက အတွင်းဘက်ကို တာဝန်ယူပါတယ်။ မိသားစုတစ်ခုကို တည်ဆောက်ဖို့ ဇနီးမောင်နှံ လက်တွဲညီညီ အလုပ်လုပ်ကြတာကို တွေ့နိုင်ပါတယ်။
အသိုက်ရဲ့ဘေးဘက် ကနေစပိတ်ကြပြီး အလယ်မှာတော့ အမအတွက် အစာယူဖို့နဲ့ ဆက်သွယ်နိုင်ဖို့အတွက် အပေါက်ငယ်လေးပဲ လုပ်ကြပါတယ်။ အသိုက်ဆောက်တာကို အမကပိုလုပ်ပေမယ့် လိုအပ်တဲ့အစာရေစာနဲ့ အခြားအရာတွေကို အထီးက အမြဲထောက်ပံ့ပေးပါတယ်။ အသိုက်ကို ဆောက်ပြီးတဲ့အခါမှာတော့ အမအတွက် အစားအစာနဲ့ လုံခြုံရေးအားလုံးကို အထီးကတာဝန်ယူပါတယ်။ အောက်ချင်းငှက် ပေါက်စလေးတွေ အစာစားနိုင်တဲ့ အရွယ်ရောက် ချိန်မှာဆိုရင် ဖခင်အောက်ချင်းငှက်ဟာ တစ်နေ့မှာ အခေါက်ရေ ၇၀ လောက်အထိ အစာကို ရှာဖွေ သယ်ဆောင်ပေးရပါတယ်။ တစ်ချို့မှတ်တမ်းတွေမှာဆိုရင် တစ်နာရီမှာ ဆယ်ကြိမ်နှုန်းနဲ့ အစာကိုကျွေးမွေးတယ်လို့ ဆိုပါတယ်။
အမဟာ သားသမီးတွေနဲ့အတူ သုံးလမှ ငါးလအထိ အသိုက်ထဲမှာနေရပါတယ်။ အဲဒီအချိန်တစ်လျှောက်လုံးမှာ မိခင်အောက်ချင်းငှက်နဲ့ သားသမီးတွေဟာ အစာအတွက် ဖခင်အောက်ချင်းငှက်ကို လုံးလုံးလျားလျားမှီခိုရပါတယ်။ တစ်ခါတစ်လေမှာ ဖခင်အောက်ချင်းငှက် သေဆုံးသွားခဲ့ရင် မိခင်အောက်ချင်းငှက်နဲ့ သားသမီးများအားလုံး အစာငတ်သေဆုံးတတ်ကြပါတယ်။
တစ်ချို့ စာရေးဆရာတွေကတော့ ဖခင်များနေ့ကို ဂုဏ်ပြုတဲ့အရေးအသားအတွက် အောက်ချင်းငှက်အထီးကို ပုံဥပမာအဖြစ် အသုံးပြုကြပါတယ်။ ဘုရားသခင်ရဲ့ လှပတဲ့လက်ရာတော်အဖြစ်လည်း မှတ်ယူကြပါတယ်။
(၈) အောက်ချင်းငှက် ဇနီးမောင်နှံ - သားသမီးထိန်းကျောင်းခြင်းရဲ့ သင်္ကေတ
အောက်ချင်းငှက်တွေဟာ မိသားစုလိုက် နေထိုင်တတ်တဲ့ ငှက်များဖြစ်ကြပါတယ်။ အစာစားတဲ့အခါမှာလဲ ကြီးစဉ်ငယ်လိုက် စားကြပါတယ်။ ကြီးသူကိုရိုသေတတ်တဲ့ ငှက်ပေါ့။
Great Hornbill အောက်ချင်းငှက်အမဟာ တစ်ကြိမ်မှာ ဥ တစ်လုံး သို့မဟုတ် နှစ်လုံးသာ ဥပါတယ်။ ဥပေါက်လာဖို့ ရက်ပေါင်း ၃၈-၄၀ လောက် ဝပ်ရပါတယ်။ အောက်ချင်းငှက် ပေါက်စလေးတွေကတော့ ရက် ၅၀ ကနေ ၉၀ ကြားအထိ ပိတ်ထားတဲ့အသိုက်ထဲမှာ နေကြပါတယ်။ ဒါဟာ သူတို့ရဲ့လုံခြုံရေးအတွက်ဖြစ်ပါတယ်။ အောက်ချင်းငှက်ပေါက်စတွေဟာ အမွှေးအမျှင်မရှိကြပါဘူး။ သူတို့အမွှေးအမျှင် စပေါက်လာတဲ့အချိန်မှာတော့ အစာလည်း ပိုစားလာနိုင်ကြပါပြီ။ သူတို့ရဲ့ အစာလိုအပ်မှု တစ်နေ့တစ်ခြား ပိုများလာတဲ့အချိန်မှာ မိခင်အောက်ချင်းငှက်က အသိုက်နံရံကို ဖေါက်ပါတယ်။ သားသမီးတွေအတွက် လိုအပ်တဲ့အစာကို ရှာရာမှာ ဖခင်အောက်ချင်းငှက်ကို ကူညီဖို့လိုအပ်လာလို့ဖြစ်ပါတယ်။
အောက်ချင်းငှက်ငယ်လေးများဟာ ရက် ၄၅ မှ ၈၀ ကြားမှာ သူတို့ရဲ့အသံ ပြောင်းလဲလာပါတယ်။ အဲဒီအချိန်မှာ ဖခင်နဲ့မိခင် အောက်ချင်းငှက်တို့က အစာရှားပေမှုကို ခဏရပ်ထားကြပါတယ်။ အသိုက်နံရံကို သူတို့ဘာသာ ဖောက်ထွက်နိုင်အောင် တမင်လုပ်ထားကြတာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် အသိုက်နံရံမှာ အပေါက်ရှိအောင် ဖောက်ကာ ခေါင်းပြူထွက်ပြီး အပြင်လောကကို အရင်ဆုံး လေ့လာကြည့်ရှုကြပါတယ်။ ရက်အနည်းငယ်အထိ လေ့လာပြီးတဲ့အခါမှာ အပြင်လောကသို့ထွက်ဖို့ သတ္တိတွေရှိလာကြပါတယ်။ ဒါပေမယ့် အပြင်ထွက်မယ်ဆိုရင် ပျံတတ်ဖို့လိုအပ်ပါတယ်။ သူတို့က မပျံတတ်သေးပါဘူး။
အကောင်ငယ်များဟာ သူတို့ပျံသန်းနိုင်မယ့် အချိန်ရောက်လာတဲ့ အချိန်မှာ အသိုက်နံရံကို ဖောက်ဖို့ကြိုးစားကြပါတယ်။ မိခင်နဲ့ဖခင် အောက်ချင်းငှက်က စူးစူးရှရှအော်မြည်ရင်း အားပေးကြပါတယ်။ အများအားဖြင့် ပိုသန်မာတဲ့ အကောင်ငယ်ဟာ အရင်ထွက်လာပြီး ခုန်ထွက်ကာ သစ်ကိုင်းပေါ်မှာ ဆင်းသက်လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ မိဘတွေရဲ့ အဆက်မပြတ်အားပေးမှု၊ စေတနာဒေါသောနဲ့ စေခိုင်းမှုတွေကြောင့် ပျံတတ်လာကြပါတယ်။
အောက်ချင်းငှက်ပေါက်စလေတွေမှာ casque ပါမယ့်အရိပ်အယောင်မရှိကြပါဘူး။ နှစ်နှစ်အရွယ်မှာ အရေးအကြောင်း စပေါ်လာပြီး သုံးနှစ်အရွယ်မှစကာ casque စတင်ကြီးထွားလာခြင်းဖြစ်ပါတယ်။ အောက်ချင်းငှက်ငယ်တွေ ငါးနှစ်အရွယ် ရောက်မှသာ casque ကြီးထွားမှုပြည့်စုံလာပါတယ်။ လူဆိုရင်တော့ မူကြို ဒါမှမဟုတ် သူငယ်တန်း တက်လို့ရပြီပေါ့နော်။
(၉) အောက်ချင်းငှက် - စောင့်ရှောက်ဖို့ အထူးလိုအပ်တဲ့ အဖိုးတန်ငှက်မျိုးစိတ်
တစ်နေ့တစ်ခြား ကြီးထွားလာတဲ့ သစ်သားလိုအပ်ချက်များကြောင့် ကျနော်တို့ဟာ အောက်ချင်းငှက်များ နေထိုင်ရာ တောနက်ကြီးများကို ခုတ်ထွင်လာကြပါတယ်။ အကျိုးဆက်အနေဖြင့် အောက်ချင်းငှက်များအတွက် နေထိုင်ကျက်စားရာ နေရာရှားပါးလာနေပြီး တစ်နှစ်ပြီးတစ်နှစ် အောက်ချင်းငှက်ကောင်ရေ ကျဆင်းလာပါတယ်။
အောက်ချင်းငှက်ရှားပါးလာမှုရဲ့ အဓိကအကြောင်းရင်း နောက်တစ်ခုကတော့ တောလိုက်ခြင်းဖြစ်ပါတယ်။ ယဉ်ကျေးမှု အသုံးအဆောင်၊ အလှအပ၊ ယုံကြည်မှုဆိုင်ရာနှင့် ဆေးဝါးပစ္စည်းများ အဖြစ် အောက်ချင်းငှက်ရဲ့ ဦးခေါင်းနဲ့ အမွှေးများကို အသုံးပြုမှုများကြောင့် ဝယ်လိုအားမြင့်မားနေသည့် အဆင့်ရောက်လာခဲ့ရာ တောလိုက်မုဆိုးများက နှစ်စဉ်နှစ်တိုင်း အောက်ချင်းငှက် အကောင်ရေများစွာကို သတ်ဖြတ်နေကြပါတယ်။
ဥပမာအားဖြင့် အောက်ချင်းငှက် နှုတ်သီးနှင့် ဦးခေါင်းကို အဆောင်အဖြစ်အသုံးပြုမှု၊ အသားကို ဆေးဖက်ဝင်အဖြစ် ယုံကြည်စားသုံးမှုများသည် မျိုးနွယ်စုများစွာကြားမှာ ပျံ့နှံ့နေသည်။ အောက်ချင်းငှက်ငယ်များကိုပင် စားကောင်း သောက်ဖွယ်အနေဖြင့် သတ်ဖြတ်မှုများစွာ ရှိနေသည်။ မျိုးနွယ်စုတစ်ချို့ကတော့ အောက်ချင်းငှက် ဦးခေါင်းကို အဆင်တန်ဆာအဖြစ် အသုံးပြုကြသည်။ ကျနော်တို့ ချင်းလူမျိုးတွေ အတွက်လည်း အောက်ချင်းငှက်အမွှေးသည် ပွဲလန်းသဘင်အတွက် အရေးကြီးနေသည်။ မျိုးစိတ် စောင့်ရှောက်ရေးအဖွဲ့တွေကတော့ အောက်ချင်းငှက်မွှေး အသုံးပြုသူတွေကို ဖမ်းယူမွေးမြူထားတဲ့ အောက်ချင်းငှက်မွှေးများနဲ့ တတ်နိုင်သလောက် ထောက်ပံ့ပေးနေပါသည်။
အောက်ချင်းငှက်ရဲ့ casque ကို ဆင်စွယ်နဲ့ ဆင်တူလို့ "ရွှေဆင်စွယ်" (golden ivory) ဟုလည်းကောင်း၊ ရွှေကျောက်စိမ်း (golden jade) ဟုလည်းကောင်း၊ "အနီရောင် ဆင်စွယ်" (red ivory) ဟုလည်းကောင်း အမျိုးမျိုး ခေါ်ကြပါတယ်။ ယနေ့ ခေတ်မှာ အောက်ချင်းငှက် ဝယ်လိုအားအမြင့်ဆုံးဟာ တရုတ်ပြည်ဖြစ်ပြီး တစ်ဂရမ် ကို အမေရိကန်ဒေါ်လာ ၄- ၈ နှုန်းကနေ casque တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀ အထိ အရောင်းအဝယ်လုပ်ကြပါတယ်။ ကုန်သည်တွေက ဒေသခံ မုဆိုးတွေဆီကနေ ၄ ဒေါ်လာမျှဖြင့် ဝယ်ယူကာ မှောင်ခိုဈေးကွက်မှာ အဆမတန်ဈေးတင် ရောင်းနေကြခြင်းဖြစ်ပါတယ်။
မျိုးစိတ်ပျောက်ကွယ်မှုကို တားဆီးဖို့ကြိုးပမ်းနေတဲ့ IUCN ရဲ့ Red List of Threatened Species (မျိုးတုန်းဖို့ ခြိမ်းခြောက်ခံရတဲ့ မျိုးစိတ်စာရင်း) မှာ Great Hornbill ဟာ ခြိမ်းခြောက်ခံရနီးပါးအဆင့် (near threatened) အထိရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
ကိုးကား -
1. Mathrubhumi News Online
2. Wikipedia – Great Hornbill
3. Sunday Post, Online Edition of Nagaland's First & Foremost News Daily, November 6, 2016.
4. Facts and Details - Hornbills, Thier Nest-Building Behavior and Species in Asia – Online
5. Softpedia – 9 Things About Hornbills
6. Facts about Great Hornbill – Online
7. Ibanology blog, Hornbill, October 15, 2013
8. Mythology Dictionary – Online
9. Wikipedia – National Birds